တာချီလိတ် နိုဝင်ဘာ ၁၇

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) မှတစ်ဆင့် ထိုင်းနိုင်ငံမှ လွှဲပြောင်းလာသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများနှင့် ပြစ်ဒဏ်မှ လွတ်မြောက်လာသည့် ပြည်သူစုစုပေါင်း (၁၆၆) ဦးကို မြန်မာတာဝန်ရှိသူများက နိုဝင်ဘာ ၁၆ ရက်က လက်ခံခဲ့ကြောင်း သိရသည်။

 

ရွှေ့ပြောင်း မြန်မာအလုပ်သမား အမျိုးသား (၁၉) ဦး၊ အမျိုးသမီး (၂၂) ဦး စုစုပေါင်း (၄၁) ဦးနှင့် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွတ်မြောက်လာသော အမျိုးသား (၇၀) ဦး၊ အမျိုးသမီး (၅၅) ဦး စုစုပေါင်း (၁၂၅) ဦးတို့ကို ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် အဖွဲ့ဝင်များက ကြိုဆိုလက်ခံခဲ့ကြသည်။

 

mdn

 

၎င်းနေရပ်ပြန် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီက ကျန်မာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ၌ ရောဂါပိုးကူးစက်ခံထားရသူ စုစုပေါင်း (၄၃) ဦး တွေ့ရှိခဲ့ရပြီး ၎င်းတို့ကို ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ရန်အတွက် ဝမ်လုံးစင်တာ၌ သီးသန့်ထားရှိမည်ဖြစ်ကြောင်း၊ ယနေ့ ပြန်ဝင်ရောက်လာကြသူအားလုံးကို ဝမ်လုံး Quarantine Centre ၌ ၃ ရက်ကြာ ထားရှိမည်ဖြစ်ပြီး (၃) ရက်မြောက်နေ့တွင် ဒုတိယအကြိမ် ထပ်မံစစ်ဆေး၍ ပိုးကင်းစင်သူများကို သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နေရပ်သို့ ပြန်လာကြသော ပြည်သူများကို အုပ်ချုပ်ရေးဆိုင်ရာကိစ္စများ အဆင်ပြေချောမွေ့စေရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်များဖြင့် ဝမ်လုံး Quarantine Centre သို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

 

ယာဆေး(ပြန်/ဆက်)