ရန်ကုန်၊ နိုဝင်ဘာ ၁၇
မြန်မာနိုင်ငံကြက်ခြေနီအသင်း ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်၊ ရှေးဦးပြုစုခြင်းဆိုင်ရာလုပ်ငန်းများတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြင့်ခြင်း အခမ်း အနားကို နိုဝင်ဘာ (၁၆)ရက် နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲ၌ပြုလုပ်ရာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက် အမှာစကား ပြောကြား ခဲ့သည်။
ထို့နောက် ရှေးဦးပြုစုခြင်းဆိုင်ရာလုပ်ငန်းများတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြင့်ရာ ရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းများ ဖွင့်လှစ်နိုင်သည့် ဆု(၁)ဆု၊ ရှေးဦး ပြုစုခြင်းစီမံချက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် ဆု(၁)ဆု၊ ရှေးဦးပြုစုခြင်း စွမ်းစွမ်းတမံဆောင်ရွက်နိုင်သည့် မြို့နယ်(၂)မြို့နယ်၊ ရှေးဦးပြုစုခြင်း သင်တန်းများအကြိမ်ရေအများဆုံး ဖွင့်လှစ်နိုင်သည့်မြို့နယ်(၃)မြို့နယ်နှင့် ရှေးဦးပြုစု ခြင်းဖြင့် ကူညီဆောင်ရွက်ပေးနိုင်သည့် ကြက်ခြေနီစေတနာလုပ်အားရှင်( ၂၂ )ဦးတို့ကို ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ရှေးဦးပြုစုခြင်းဆိုင်ရာ လူငယ်စာစီစာကုံးပြိုင်ပွဲ(မြန်မာ၊ အင်္ဂလိပ်)၊ ဉာဏ်စမ်းပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ်များမှ လူငယ်ကြက်ခြေနီစေတနာလုပ်အားရှင်(၁၈)ဦးတို့ကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားသို့ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွန့်၊ တိုင်းဒေသကြီး/ ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌများ၊ ဒုတိယအထွေထွေအတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဝင်များ၊ တပ်ဖွဲ့မှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ နှင့် ဖိတ်ကြားထားသူများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီ များက Onlineဖြင့်တက်ရောက်ခဲ့ပြီး ဆုရရှိသူများကို ဆုများချီးမြှင်ပေးအပ်ခဲ့သည်။
ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ကို နှစ်စဉ် စက်တင်ဘာလ ဒုတိယရက်သတ္တပတ်၏ စနေနေ့တွင်ကျင်းပပြုလုပ်လေ့ရှိသည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် ရှေးဦး ပြုစုခြင်းသင်တန်များကို တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုးချဲ့ဖွင့်လှစ်လျက်ရှိရာ ကြက်ခြေနီစေတနာ လုပ်အားရှင်များကလည်း ရှေးဦးပြုစုခြင်းဖြင့် အကူအညီလိုသူများကို ပိုမိုထိရောက်စွာ ကူညီနိုင်ရန် စနစ်တကျလေ့ကျင့်သင်ယူလျက်ရှိပြီး အကူအညီပေးလျက် ရှိသည်။
ရှေးဦးပြုစုခြင်းနှင့်အတူ အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်သူများကိုလည်း ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိရာ အကူအညီ လိုအပ်ပါက ဒေသအသီးသီးရှိ နီးစပ်ရာမြို့နယ်ကြက်ခြေနီအသင်းခွဲများသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)


