နိုဝင်ဘာ ၁၇

နာမည်ကြီး မြန်မာ MMA ကစားသမား အောင်လအန်ဆန်၏ပွဲစဉ်မှာ လာမည့်နှစ် အစောပိုင်းမှသာ ပါဝင်လာဖွယ်ရှိနေသည်။ ONE Championship သည် ယခုနှစ်ကုန်ပိုင်းတွင်ပြုလုပ်မည့်ပြိုင်ပွဲများကို ထုတ်ပြန်ခဲ့ရာ ပါဝင်လာခြင်းမရှိသဖြင့် လာမည့်နှစ်မှသာ ပါဝင်လာဖွယ်ရှိနေခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ဇူလိုင်လကုန်ပိုင်းက ထိုးသတ်သည့်စိန်ခေါ်ပွဲတွင် ဘရာဇီးနိုင်ငံသား လီအန်ဒရိုကို အနိုင်ရခဲ့သဖြင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်နိုင်ရန် အခွင့်အရေးရှိလာခဲ့ပြီး လာမည့်ပွဲတွင် စိန်ခေါ်ပွဲ သို့မဟုတ် ချန်ပီယံလုပွဲ ထိုးသတ်ခွင့်ပြုမပြုကို ONE Championship က ပြန်လည်ဆုံးဖြတ်မည်ဖြစ်သည်။ ONE Championship သည် ယခုနှစ်ကုန်ပိုင်းတွင် နာမည်ကြီးကစားသမားအများအပြားပါဝင်သည့် ပြိုင်ပွဲတစ်ခုကျင်းပရန် စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လာမည့်နှစ်သို့ ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ၎င်းရရှိထားသည့် မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုတို့ကို လက်လွှတ်ခဲ့ရပြီးနောက်ပိုင်း မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ပြန်လည်ရယူနိုင်ရန် ပစ်မှတ်ထားကြိုးပမ်းနေခြင်းဖြစ်သည်။

ONE Championship သည် လာမည့်နှစ်တွင်ကျင်းပမည့်ပြိုင်ပွဲများကို ယခုနှစ်မကုန်မီ ထုတ်ပြန်မည်ဖြစ်ပြီး အောင်လအန်ဆန်၏တွဲဆိုင်းမှာလည်း နှစ်ဆန်းပိုင်းပြုလုပ်မည့်ပြိုင်ပွဲများတွင် ပါဝင်လာဖွယ်ရှိနေသည်။

သတင်း-ကိုညီလေး
ဓာတ်ပုံ-ONE Championship