တွံတေး နိုဝင်ဘာ   ၁၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော် စေတီတော်မြတ်ကြီး၌ (၁၂၆)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲကို ရက်ကန်းစင် ခြောက်စင်ဖြင့် မသိုးသင်္ကန်းရက်လုပ် ပူဇော်ခြင်းကို နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက အဆိုပါဘုရား ရင်ပြင်တော်ပေါ်ရှိ ဒေါ်ပု၊ ချစ်တီးတန်ဆောင်း၌ ကျင်းပခဲ့သည်။

မသိုးသင်္ကန်း ရက်ပြိုင်ပူဇော်ပွဲအား ယခင်က ရက်ကန်းစင် ကိုးစင်ဖြင့် ပြုလုပ်လေ့ရှိပြီး မြို့နယ်အတွင်းရှိ ရှမ်းစုကြီး နှစ်စင်၊ ညောင်တံခါး နှစ်စင်၊ ငါးခုမ်းမစမ်း တစ်စင်၊ ရွှေဆံတော် တစ်စင်၊ ကျုံးကြီး တစ်စင်၊ စျေးသစ် တစ်စင်၊ ကွမ်းခြံ တစ်စင် စသည့် ရှမ်းလေးရွာမှ လှပျိုဖြူ အမျိုးသမီးပြိုင်ပွဲဝင် ရက်ကန်းအဖွဲ့ ကိုးဖွဲ့က ပါဝင်ယှဉ်ပြိုင် ရက်လုပ်ပူဇော်လေ့ရှိကြောင်းလည်း သိရှိရသည်။

ယခုနှစ်တွင် ရက်ကန်းစင် ခြောက်စင်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရွှေဆံတော်ဂေါပကအဖွဲ့နှင့် အလှူရှင်များက ပထမဆုရသော မဒီဒေဝီစင်တော်၊ ဒုတိယဆုရသော အမရာစင်တော်၊ တတိယဆုရသော ဂေါတမီစင်တော်နှင့် နှစ်သိမ့်ဆုရသော ဝိသာခါစင်တော်၊ ယသော်ဓယာစင်တော်၊ သုဇာတစင်တော်တို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)