မြောက်ဦး နိုဝင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အထင်ကရ ရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုးစေတီများ၌ တန်ဆောင်မုန်းလပြည့်နေ့၌ ရခိုင်ရိုးရာ စဉ်လာမပျက် ကျင်းပပြုလုပ်လျက်ရှိသော သင်ပုန်းဆွမ်း ကပ်လှူပူဇော်ပွဲကို မြို့ပေါ်ရပ်ကွက်နေ ပြည်သူများက နိုဝင်ဘာ ၁၈ ရက် နံနက် ၅ နာရီမှစတင်၍ သင်ပုန်းဆွမ်းများ ကပ်လှူပူဇော်လျက်ရှိသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ရခိုင်ရိုးရာစဉ်လာမပျက် နှစ်စဉ်နှစ်တိုင်း စုပေါင်းဆင်ယင်ကျင်းပသည့် သင်ပုန်းဆွမ်း ကပ်လှူပူဇော်ပွဲအား မြောက်ဦးမြို့ရှိ မြို့ပေါ်ရပ်ကွက်များဖြစ်သော အလယ်ဈေးရပ်ကွက်၊ ကြက်ဈေးရပ်ကွက်၊ င/ခြောက်ဈေးရပ်ကွက်နှင့် လက်ကောက်ဈေးရပ်ကွက် စသည့် ရပ်ကွက်များမှ ရခိုင်အမျိုးသမီး လှပျိုဖြူများ၊ ဝတ်ရွတ်အဖွဲ့ဝင်များ၊ မြို့သူ/မြို့သားများ၊ ကလေးသူငယ်များက ရခိုင်ရှေးဟောင်းသမိုင်းဝင် ဘုရား၊ စေတီ၊ ပုထိုးဖြစ်သည့် ရန်အောင်ဇေယျပုထိုးတော်(ခေါ်) သျှစ်သောင်းပုထိုးတော်ကြီး အာရုံခံသိမ်တော်ကြီးအတွင်းရှိ ဗုဒ္ဓဘုရားရှင်အားရည်မှန်း၍ သွားရောက်ကပ် လှူပူဇော်ခဲ့ကြသည်။
ညနေပိုင်းတွင်လည်း မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုး၊ စေတီများ၌ ဘုရားရှင်အား ရည်မှန်း၍ ဆီမီးတစ်ထောင်နှင့် ပန်းတစ်ထောင် ပူဇော်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး မြို့ပေါ် ရပ်ကွက်များရှိ လမ်းများနှင့် နေအိမ်များတွင်လည်း ဆီမီးများ ထွန်းညှိပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)


