ဆိပ်ဖြူ   နိုဝင်ဘာ   ၁၈

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ကျက်သရေဆောင် ရှေဟောင်းသမိုင်းဝင် ရွှေမင်းဝန် စေတီတော်မြတ်ကြီး၏ (၁၈၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းစာရေးတံမဲ ဆပ်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာ ၁၈ ရက် တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၉ နာရီက  ရွှေမင်းဝန်စေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်သည်။

ရှေးဟောင်းသမိုင်းဝင် ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ (၁၈၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းစာရေးတံမဲဆပ်ကပ်လှူဒါန်းပွဲတွင် မြို့နယ်အတွင်းရှိ ဆွမ်းစာရေးတံမဲ (ဆွမ်းလုံး) အလှူရှင်များ၊ ဌာနဆိုင်ရာမှ အလှူရှင်များ၊ ရပ်ဝေးရပ်နီး အလှူရှင်များ လှူဒါန်းသည့် ဆွမ်းစာရေးတံမဲ (ဆွမ်းလုံး)ကြီး ၁၉ ခုအား ကျောင်းတိုက်အသီးသီးတွင် သီတင်းသုံးတော်မူသည့် ဆရာတော်ကြီးများအား မဲဖောက်၍ ဆပ်ကပ်လှူဒါန်းခဲ့ပြီး ဗုဒ္ဓပူဇနိယပွဲတော်လာ ဧည့်ပရိသတ်များအား ဆီထမင်း၊ မယ်ဇလီဖူးသုပ်များ၊ မုန့်များဖြင့် စတုဒိသာလှူဒါန်းခဲ့သည်။

ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ (၁၈၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလ ၁၇ ရက် ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရေး ကော်မတီတို့၏ စီမံမှုဖြင့် မြို့နယ်ဂုဏ်ဆောင် မျိုးဆက်သစ်လူငယ်များနှင့် တိုင်းဒေသကြီး ဂုဏ်ဆောင် ခြင်းပညာရှင်များ ပူးပေါင်း၍   မြန်မာ့ရိုရာ ခြင်းအလှပြခတ်ခြင်းဖြင့် လာရောက်ဖျော်ဖြေခဲ့ပြီး အဆိုပါအဖွဲ့အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရွှေမင်းဝန်စေတီတော်မြတ်ကြီး ဂေါပက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကိုဇွဲ(အညာမြေ)