ဟားခါး နိုဝင်ဘာ ၁၈

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာမိသားစုများ၊ တပ်ရင်း / တပ်ဖွဲ့မိသားစုများ၊ ဒေသခံဗုဒ္ဓဘာသာဝင် မိသားစုများ၊ အသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာ ၁၈ ရက် နံနက် ၉ နာရီခွဲက ဟားခါးမြို့ အတုလဂုဏ်ရည် သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဟားခါးမြို့နှင့် ထန်တလန်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ၊ မဟာသဒ္ဒမ္မဇောတိကဓဇ၊ ဘဒ္ဒန္တပညော ဘာသ အရှင်မြတ်ထံမှ ဧည့်ပရိသတ်အပေါင်းက ကိုးပါးသီလ ခံယူဆောက်တည်၍ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဇျာယ် ချီးမြှင့်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ချင်းပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်က ကျောဘုတ်သာသနာပြုကျောင်းဆရာတော်ထံ ကထိန် သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ကထိန်လျာ ဉာတ်သင်္ကန်းကို ကထိန်ခံကျောင်းဖြစ်သည့် ဟားခါးမြို့၊ ခွါရုံသာသနာပြုကျောင်း ဆရာတော်ထံသို့ လည်းကောင်း၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ စစ်ဗျူဟာအခြေချ (ဟားခါး) မှ စစ်ဗျူဟားမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ် လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။

ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၁ ခုနှစ် စုပေါင်းမဟာဘုံကထိန်သ င်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်း အနားတွင် ပဒေသာပင် ၁၉ ခုနှင့် အလှူငွေများ စုစုပေါင်း တန်ဖိုးငွေကျပ် ၂၂၈၀၃၅၀၀ ဖြစ်ကြောင်း သိရသည်။ 

မောင်တက်လမ်း