မကွေး    နိုဝင်ဘာ    ၁၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် နိုဝင်ဘာ ၁၃ ရက် ည ၉ နာရီ ၄၀ မိနစ်က နတ်မောက် မြို့မစျေး၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စျေးသစ် ပြန်လည် တည်ဆောက်နိုင်ရေး စျေးမီးလောင်ပြင် သန့်ရှင်းရေး ဆောင်ရွက်နိုင်ရေးနှင့် ယာယီစျေး အမြန်ဆောက်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ပြည်နယ်ဝန်ကြီးများသည် နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းက နတ်မောက်မြို့မစျေးသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့မစျေးသို့ ရောက်ရှိစဉ် ဝန်ကြီးချုပ်နှင့်အဖွဲ့အား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်နှင့် တာဝန်ရှိသူများက မီးလောင်ကျွမ်းမှု အခြေအနေ၊ မီးလောင်ကျွမ်းရာ နတ်မောက်မြို့မစျေးအတွင်း သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုနှင့် နတ်မောက်မြို့ ဘုရားကြီးကွင်းတွင် ယာယီစျေး အမြန်ဆုံး ဆောက်လုပ်နေမှု အခြေအနေများအား လိုက်လံပြသ ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်က စျေးသူ စျေးသားများ  ယာယီစျေး၌ အမြန်ဆုံးပြန်လည်ရောင်းချနိုင်ရေး၊ စျေးပြန်လည် တည်ဆောက်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍  လိုအပ်သည်များအား ဖြည့်ဆည်း မှာကြား ဆောင်ရွက်ပေးသည်။

အဆိုပါ နတ်မောက်မြို့မစျေး မီးလောင်ကျွမ်းမှုကြောင့် မြို့မစျေးအတွင်း(၆)ပေ (၇)ပေ အကျယ်ရှိ သွပ်မိုး ကွန်ကရစ်ခင်း ပတ္တမြားရုံ-၁ (၄၀)ခန်း၊ ပတ္တမြားရုံ-၂ (၄၀)ခန်း၊ ပတ္တမြားရုံ- ၃ (၄၀)ခန်း၊ ပတ္တမြားရုံ-၄ (၄၀)ခန်း၊ (၁၀)ပေ ပတ်လည်အကျယ်ရှိ သွပ်မိုး၊ သွပ်ကာ ကွန်ကရစ်ခင်း ပုလဲရုံ-၃ (၄ဝ) ခန်း၊ ပုလဲရုံ-၄ (၃၀)ခန်း၊ (၉)ပေ (၁၀)ပေ အကျယ်ရှိ သွပ်မိုး သွပ်ကာ ကွန်ကရစ်ခင်း B ရုံအတွင်းခန်း (၁၂)ခန်း စုစုပေါင်း စျေးဆိုင်ခန်း ၂၄၂ ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မောင်ညီညာ