ဟုမ္မလင်း နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာအနီးရှိ ဥရုမြစ်ကူးတံတားကို အဆင့်မြှင့်တင်နေမှုကြောင့် နိုဝင်ဘာ ၁၄ ရက်မှစတင်ကာ ယာယီပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
ဥရုမြစ်ကူးတံတား အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေသဖြင့် ယာယီပိတ်ထားကာ ယာဉ်ကြီးယာဉ်ငယ်များ ဖြတ်သန်းသွားလာခြင်းကို ခွင့်မပြုသော်လည်း လူနှင့် ဆိုင်ကယ်များကိုမူ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း သိရသည်။
“ဆိုင်ကယ်တွေကတော့ သွားလို့ရတယ်၊ ကားတွေကတော့ ကူးတို့နဲ့ ကူးရတယ်၊ တံတားအောက်မှာ စက်လှေနှစ်စင်းရှိတယ်” ဟု နောင်ပိုအောင် ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
နောင်ပိုအောင်ကျေးရွာအနီးရှိ ဥရုမြစ်ကူး တံတား အဆင့်မြှင့်တင်မှုကို ယခုနှစ် ဇန်နဝါရီလ ပထမပတ်ကပင် စတင်ခဲ့ခြင်းဖြစ်ပြီး တံတားခံနိုင် ဝန်ကို တန် ၆၀ အထိ တိုးမြှင့်မည်ဖြစ်ကာ ကြိုးတံတားအပိုင်းကို ဖြုတ်သိမ်း၍ သံပေါင် ပလိတ်ဂါဒါများဖြင့် အစားထိုးမည်ဖြစ်ကြောင်း တံတားစတင်ဆောက်လုပ်စဉ်ကတည်ဆောက်ရေး ညွှန်ကြားရေးမှူးထံမှ သိရသည်။
အဆိုပါတံတားသည် အရှည်ပေ ၁၀၉၀၊ အကျယ် ၁၅ ပေ၊ အမြင့်ပေ၂၀ ရှိပြီး ပေ ၅၀၀ မှာ ချဉ်းကပ်တံတားအပိုင်းဖြစ်ကာ ပေ ၅၄၀ မှာ ကြိုးတံတားအပိုင်းဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ပြီး နမ့်တော-နောင်ပိုအောင်-ဟုမ္မလင်း ဆက်သွယ်ထားသည့် လမ်းပိုင်းအတွက် အရေးပါသည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။
လှိုင်ဘွား(ဗန်းမောက်)


