မြစ်ကြီးနား   နိုဝင်ဘာ   ၁၉

ကချင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ တန်ဆောင်တိုင်ပွဲတော် အထိမ်းအမှတ်အဖြစ် တန်ဆောင်မုန်းလပြည့်ညတွင် ဗုဒ္ဓမြတ်စွာဘုရားရှင်အား ဆီမီးထွန်းညှိပူဇော်ခြင်း၊ ရှင်ဥပဂုတ္တ ဖောင်တော်မျှောခြင်း၊ ဆီမီး ၁ဝဝဝဝ မီးမျှောပူဇော်ခြင်း၊ မီးအလှထွန်ညှိခြင်းနှင့် စတုဒိသာ ကျွေးမွေးခြင်းတို့အား နိုဝင်ဘာ ၁၈ ရက် ည ၆ နာရီမှ စတင်ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဓလေ့ထုံးတမ်းများနှင့်အညီ ပြုလုပ်ကျင်းပခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များက မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ လောကမာရ်အောင် ဆုတောင်းပြည့်ဘုရားသို့  ရောက်ရှိကြပြီး ပြည်နယ်လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက မြန်မာ့ရိုးရာ တန်ဆောင်တိုင်ပွဲတော် အထိမ်းအမှတ် ဆီမီးထွန်းညှိပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး သမိုင်းကြောင်းကို ပြောကြားကာ ဗုဒ္ဓမြတ်စွာဘုရားအား ဆီမီးထွန်းညှိ ပူဇော်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်ဇနီးနှင့် တာဝန်ရှိသူများက ရှင်ဥပဂုတ္တဖောင်တော်နှင့် ဆီမီး ၁ဝဝဝဝ အား ထွန်းညှိပြီး ဧရာဝတီမြစ်အတွင်းသို့ မျှော၍ ပူဇော်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မင်းရပ်ရပ်ကွက်ရှိ ပြည်သူ့ရင်ပြင်၌ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းသည့် အများပြည်သူများအား စတုဒိသာ ကျွေးမွေးဧည့်ခံနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။  

ပြည်နယ်(ပြန်/ဆက်)