ဘိုကလေး   နိုဝင်ဘာ   ၁၉

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကျင်းပသည့် နှစ်တိုင်း ဘိုကလေးသုသာန်မြေမှ မကျွတ်မလွတ်သေးသည့် ဝိညာဉ်များအား ဘုရားဖူးမြော်နိုင်ရေးနှင့် ၎င်းဝိညာဉ်များအား ကျွတ်လွတ်နိုင်ရေးအတွက် နိုဝင်ဘာ ၁၈ ရက် ညပိုင်းတွင် နှစ်ကျိပ်ရှစ်ဆူ မြတ်ဘုရားများ ဒေသစာရီကြွချီရာ လမ်းတစ်လျှောက် သုသာန်ရှေ့တွင် သုသာန်တာဝန်ရှိသူများက အစဉ်အလာမပြတ် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

 

စီစဉ်ဆောင်ရွက်ပေးရာတွင် သုသာန်မြေနှစ်ဖက်၌ အမျိုးသား၊ အမျိုးသမီး ဘုရားဖူးစင်များ ဆောက်လုပ် ထားပြီး ဆီမီးအလင်းတိုင်များ၊ သင်္ကန်းများ စီစဉ်ထားရှိပေးကာ တာဝန်ရှိသူက မကျွတ်မလွတ်သေး သည့်  ၇ ရက်သားသမီး ဝိညာဉ်များအား ဘုရားဖူးမြော်စေခဲ့ကြောင်း၊ နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်ဘုရားများကလည်း သုသာန်မြေအတွင်း ဥပသကာ ဂေါပကများနှင့်အတူ ဒေသစာရီ အပူဇော်ခံ ကြွရောက်ခဲ့ကြောင်းနှင့် ၎င်းဝိဉာဉ်များ၏ ကျွတ်လွတ်ပွဲအား တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၌ သံဃာတော်များ ပင့်ဖိတ်ကာ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)