နေပြည်တော်   နိုဝင်ဘာ   ၁၉

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအစီအစဉ်အဖြစ် ကျင်းပသည့် “တူယှဉ်နွှဲပျော် ဂီတပွဲတော် " တေးသီချင်း သီဆိုမှုပြိုင်ပွဲသို့ နေပြည်တော် ကိုယ်စားပြု သီဆိုယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်သုံးဦးအား နေပြည်တော်ကောင်စီမှ ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ချီးမြှင့်ခြင်းကို နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က “ပြိုင်ပွဲအတွက် လေ့ကျင့်စဉ်ကာလနှင့် ပြိုင်ပွဲကာလအတွင်း ကျန်းမာရေးကို အထူးဂရုစိုက်ပြီး ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း” တိုက်တွန်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နေပြည်တော် ကိုယ်စားပြု သီဆိုယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်သုံးဦးအတွက် ထောက်ပံ့ငွေကျပ် ၂၄၆၀၀၀၀ ကို ပေးအပ်ရာ ပြိုင်ပွဲဝင် စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး(တာဝန်ပေး) ဒေါ်သင်းသင်းဇင်က ပြိုင်ပွဲဝင်များကိုယ်စား လက်ခံရယူသည်။

ယင်းနောက် နေပြည်တော်ကောင်စီမှ ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ခြင်းအတွက် ပြိုင်ပွဲဝင်များကိုယ်စား မဝင်းဝင်းထွေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)