မန္တလေး၊ နိုဝင်ဘာ ၁၉

 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဖလားတန်ဆောင်တိုင်ပွဲတော် အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၁၈ ရက်က အောင်မြေသာစံမြို့နယ်ရှိ ရွှေမန်းတောင် ဂေါက်ကွင်းတွင် ကျင်းပသည်။

 

ပြိုင်ပွဲဖွင့်ပွဲကို နံနက်ပိုင်းတွင်ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးက သတ်မှတ်တီခုံတွင် ဂေါက်သီးရိုက်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ပြိုင်ပွဲဝင် အားကစားများ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။

 

ဆက်လက်၍ တန်ဆောင်တိုင်ပွဲတော်အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ဧည့်ခံဖျော်ဖြေပွဲကို ညနေပိုင်းတွင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုက ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြသူများကို လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြိုင်ပွဲတွင်အဝေးဆုံးဆု၊ လိုင်းနှင့်အနီးဆုံး ရိုက်ချက်ဆု၊ ကျင်းနှင့်အနီးဆုံးဆု၊ Par အများဆုံးဆု ရရှိကြသူများကိုလည်းကောင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုပစ္စည်းများ ချီးမြှင့်ပေးပြီးနောက် ဂေါက်သီးရိုက်ပြိုင်ပွဲအတွက် လုံခြုံရေးဆောင်ရွက်ပေးခဲ့ကြသော စစ်သည်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က ပေးအပ်သော ငွေကျပ် သိန်း (၂၀)ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)