နတ်မောက် နိုဝင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုဝင်ဘာလအတွင်း မိုးဆက်တိုက်သွန်းမှုကြောင့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုများပြီး တမံရေပိုလွှဲမှ ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ (၀.၇)ပေခန့် ရေကျော်ကျလျက်ရှိကြောင်း နတ်မောက်ရေလှောင်တမံ တာဝန်ခံထံမှ သိရသည်။
နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် နိုဝင်ဘာ ၁၉ ရက်တွင် တမံရေပြည့်အမှတ် (၆၈၃)ပေ၊ လက်ရှိရေအမှတ် ( ၆၈၃.၈)ပေရှိ၍ (၀.၈)ပေခန့်ရေပိုလွှဲမှ ရေကျော်ကျခဲ့ပြီး ယနေ့ နံနက် ၆ နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ်( ၆၈၃.၇)ပေရှိပြီး (၀.၇)ပေခန့် ရေပိုလွှဲမှရေကျော်ကျလျက်ရှိသည်။
ရေပိုလွဲမှ ရေကျော်ကျမှုများလျော့နည်းလာသော်လည်း တမံအတွင်း ရေဝင်ရောက်မှုအခြေအနေနှင့် တမံရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေများကို တမံအောက်ဘက်ရှိ ဒေသခံပြည်သူများသိရှိအောင် ဆောင်ရွက်ထားကြောင်း၊ မျက်မြင်စစ်ဆေးမှု အခြေအနေများအရ တမံနှင့် တမံဆက်စပ်ရေအား အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်ကြောင်း၊ ဝန်ထမ်းများကိုလည်း ရေကင်းဂျူတီချကာ (၂၄)နာရီ ပတ်လုံးစောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး တာဝန်ရှိသူအဆင့်ဆင့်မှလည်း အချိန်နဲ့တပြေးညီ ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံ ဦးထိန်လင်းထံက သိရသည်။
ဖြိုးအိအိဇော်(နတ်မောက်)


