ကျောက်ဆည်၊ နိုဝင်ဘာ ၂၀

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် လူသားအရင်းအမြစ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေး က မြန်မာနိုင်ငံ၏ နောက်ခံသမိုင်းကြောင်းများ၊ လူကုန်ကူးမှုဖြစ်ပေါ်လာပုံများ၊ လူကုန်ကူး ခံရနိုင်သည့်အခြေအနေ အကြောင်းအရင်းများနှင့် လူကုန်ကူးခံရသူများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးခံရမှုကြောင့် ဖြစ်ပေါ်လာသည့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများနှင့် နောက်ဆက်တွဲ ဆိုးကျိုးများ၊ လူကုန်ကူးသူများအသုံးပြုသော နည်းလမ်းများ၊ လူကုန်ကူးသူက ခေါင်းပုံဖြတ်ခြင်းများအကြောင်း ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ဆက်လက်ပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးကျော်သန်း (စာရေးဆရာ မောင်ခိုင်ကျော် ကျောက်ဆည်)က လူကုန်ကူးမှု၏ အစိတ်အပိုင်းကြီး(၃)ရပ်၊ ကမ္ဘာတစ်ဝှမ်းရှိ လူကုန်ကူးမှု အခြေအနေများ၊ လူကုန်ကူးမှုနှင့်ပတ်သတ်၍ မြန်မာနိုင်ငံ၏ရှုမြင်ချက်နှင့် ရပ်တည်ချက်များအကြောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေများ ပြဌာန်းခြင်း၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အမျိုးသားအဆင့် (၅)နှစ်စီမံကိန်း၏ကဏ္ဍများ၊ မူဝါဒနှင့် ဆောင်ရွက်မှုများ၊ လူကုန်ကူးခံရသူများအား အကူအညီပေးရမည့် လိုအပ်ချက်များ၊ ကြိုတင်ကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများအကြောင်း အသီးသီးပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သက်မောက်(ကျောက်ဆည်)