မြိတ် နိုဝင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပိုက်ကျော်ခြင်း မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဋ္ဌဖလား ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက မြိတ်ခရိုင် အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် မြေနီလမ်းပိုက်ကျော်ခြင်းကလပ် အသင်းနှင့် မြိတ်မြို့နယ်(က)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြေနီလမ်းပိုက်ကျော်ခြင်း ကလပ်အသင်းက နှစ်ပွဲ-တစ်ပွဲဖြင့် အနိုင်ရရှိခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ကျင်းပခဲ့ရာ ဒုတိယနှင့် ပထမဆုရရှိသော အသင်းတို့မှ အားကစား သမားများအား လည်ဆွဲဆုနှင့် ငွေသားဆုများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြပြီး ပထမဆုရရှိ သော အသင်းအား တံခွန်စိုက်ဆုဖလားကို မြို့နယ်အားကစားနှင့် ကာယပညာကော်တီ ဥက္ကဋ္ဌ ကိုယ်စား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးငွေစိုးက ပေးအပ်ချီးမြှင့်သည်။
အဆိုပါပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အသင်း ခြောက်သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး နိုဝင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့ကာ ဌာနဆိုင်ရာများနှင့် အားကစား ဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)


