ဝန်းသို နိုဝင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် တောင်သူဦးကြီးများ၏ လယ်ယာ ထွက်ကုန်၊ ထုတ်ကုန်များကို ဈေးကွက်သို့အချိန်မီပို့ဆောင်ပေးနိုင်မည့် ကုန်ထုတ်လမ်း သုံးလမ်း ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်အိမွန်ဟိန်းတို့က ကုန်ထုတ်လမ်း ဖောက်လုပ်မည့် ဘုရားတောင်ကျေးရွာသို့ ကွင်းဆင်းစစ်ဆေး ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ကုန်ထုတ်လမ်းဖောက်လုပ်မည့် လမ်းဘေးဝဲယာရှိ လယ်ရှင်၊ ယာရှင်တို့၏ မြေနေရာလှူဒါန်းပေးနိုင်မှုအခြေအနေ၊ လမ်းတွင်အသုံးပြုရန် မြေသယ်ယူနိုင်မည့်နေရာ အခြေအနေ၊ လမ်းဖောက်လုပ်ရာတွင် တံတား၊ ရေပြွန်လိုအပ်မှုရှိ/မရှိ၊ စပါးရိတ်သိမ်းပြီးချိန် လုပ်ငန်း ဆောင်ရွက်နိုင်မည့် အချိန်ကာလနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲရှိနိုင်/မရှိနိုင်တို့ကို ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနိုင်း ဆောင်ရွက်ခဲ့သည်။
ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ၂၀၂၁-၂၀၂၂ ခုနှစ် (၆)လ ဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် ဝင်းကြီးကျေးရွာနှင့် ကျောက်စရစ်ကုန်းကျေးရွာတို့ကို ကုန်ထုတ်လမ်း ဖောက်လုပ်ပေးသွားမည်ဖြစ်ပြီး ဘုရားတောင်ကျေးရွာကုန်ထုတ်လမ်းကို တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေကျပ် ၅၅ ဒသမ ၅၁ သန်းဖြင့် လမ်းအရှည် (၁/၂)မိုင် ဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင်(ပြန် /ဆက်)


