ပခုက္ကူ   နိုဝင်ဘာ   ၂၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ ပန်းစွာ(ခ)ဦးမေဃ ကျောင်းတိုက်ဝင်းအတွင်းရှိ ကြက်သွန်ပွဲရုံဈေးကွက်သို့ ကြက်သွန်နီပိဿာချိန်ပေါင်း  ၂၀၀၀၀၀ ကျော် နေ့စဉ်ဝင်ရောက်လာသော်လည်း ဝယ်လိုအားနည်းလျက်ရှိကြောင်း သိရသည်။

ကြက်သွန်ပွဲရုံသို့ ပခုက္ကူ၊ ဆိပ်ဖြူ၊ ပုလဲ-မင်းနိုင်၊ ပေါက်နှင့် ယောနယ်ဒေသများမှ တောင်သူများထံမှ ဧပြီလမှ စတင်ပြီး ဈေးကွက် လက်ခံဆောင်ရွက်ခဲ့ရာ အနည်းဆုံးပိဿာချိန် ၁၅၀၀၀ မှ အများဆုံးပိဿာချိန် ၃၅၀၀၀၀ ကျော်အထိ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း၊ ကြက်သွန်နီတစ်ပိဿာကို အများဆုံးငွေကျပ် ၄၀၀ မှ အနည်းဆုံး ငွေကျပ် ၅၀ ဖြင့် ရောင်းချရကြောင်း၊ ကြက်သွန်ဖြူဈေးမှာ တစ်ပိဿာလျှင် အများဆုံး ငွေကျပ် ၂၈၀၀ မှ အနည်းဆုံး ငွေကျပ် ၁၂၀၀ နှုန်းရှိပြီး ဈေးကွက်အတွင်း နေ့စဉ်ပိဿာချိန် ၅၀၀၀ မှ ၃၀၀၀၀ ခန့်အထိ ဝင်ရောက်လျက်ရှိကြောင်း၊ ယခင်နှစ်များတွင် ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀ မှ ၂၀၀၀ ကျပ်အထိ ရှိခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေမှုကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အခက်အခဲများနှင့် ကြုံတွေ့ရခြင်း၊ ဒေသတွင်းဈေးကွက်များ၌ ကြက်သွန်ဝယ်လိုအား သိသာစွာကျဆင်းနေခြင်းတို့ကြောင့် ပုံမှန် ဈေးနှုန်းထက် အဆမတန်ကျဆင်းနေကြောင်း၊ အရည်အသွေးကောင်းမွန်သော ကြက်သွန်နီတစ်ပိဿာကို ငွေကျပ် ၄၀၀ ကျပ်နှုန်းဖြင့် ဗီယက်နမ်၊ ထိုင်း၊ ဘင်္ဂလားရှေ့်နိုင်ငံ စသည့် ပြည်ပနိုင်ငံများက ဝယ်ယူမှုအနည်းငယ် ရှိသေးကြောင်း၊ လက်ရှိချိန် တွင် မိုးကြက်သွန်နီများ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း ပခုက္ကူခရိုင် ကုန်စိမ်းလိုင်းခွဲ ကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းထံမှ သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)