ပွင့်ဖြူ နိုဝင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျေးရွာ(၆)ရွာမှ ဒေသခံပြည်သူ ၁၄၇ ဦးအား နိုဝင်ဘာ ၁၉ ရက်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး က ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုးစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ဆောင်ရွက်ပေးနေမှုများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှု၊ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရမည့်နည်းလမ်းများကို အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ငါးခြောက်ကျွန်းကျေးရွာ၊ နန်းတော်ကျွန်းကျေးရွာ၊ ထူးကျေးရွာ၊ ငှက်တောကုန်းကျေးရွာ၊ ဘိဇပ်ခုံကျေးရွာ၊ ကျွန်းကလေးကျေးရွာများမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်လိုသော ဒေသခံပြည်သူများအား အထောက်အထားများ စိစစ်ကာ နိုင် - ၃(က) ၆၁ ဦး ၊ နိုင် - ၆(က) ၂၇ ဦး ၊ လဲလှယ် ၂၈ ဦး ၊ မိတ္တူ ၃၁ ဦး ၊ စုစုပေါင်း ၁၄၇ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခဲ့ကြပြီး အိမ်ထောင်စု လူဦးရေစာရင်းတွင် ကလေးမွေးတိုးစာရင်း ဖြည့်စွက်ခြင်းနှင့် သေစာရင်းပယ်ဖျက်ခြင်းတို့ကိုလည်း ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ပြုလုပ်ပေးခြင်းကို လူဦးရေ ၃၉၀၀ လျာထား ပြုလုပ်ပေး သွားမည်ဖြစ်ကာ သတ်မှတ်လျားထားဦးရေ ပြည့်မီရေးအတွက် ရုံးပိတ်ရက်မရှိ ဒေသခံပြည်သူများကို နေ့စဉ်ပြုလုပ် ဆောင်ရွက်ပေးနေကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး က ပြောသည်။
ရဲဝင်းနိုင် (ညောင်ဦး)


