မောင်တော နိုဝင်ဘာ ၂၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၃၂)ကြိမ်မြောက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောခြင်း၊ နှာခေါင်းစည်းများနှင့် ဆပ်ပြာခဲများ ဖြန့် ဝေခြင်းကို နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းများနှင့် လမ်းဆုံလမ်းခွများတွင် ပြုလုပ်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင် ဦးဆောင်၍ ဝန်ထမ်းများ၊ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်းနှင့် အဖွဲ့ဝင်များ ပူးပေါင်းကာ (၃၂)ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် လမ်းသွား၊ လမ်းလာ ပြည်သူများအား ကလေးသူငယ်များဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် အခု ၅၀၀၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း အခု ၅၀၀၊ ဆပ်ပြာခဲ ၅၀၀ တို့အား လမ်းဆုံ လမ်းခွများတွင် ဖြန့်ဝေပေးကြသည်။
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများတွင် ပြုလုပ်ရာ လူမှုဝန်ထမ်း ဦးစီးဌာန မောင်တောခရိုင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က ကျောင်းသား ကျောင်းသူများအား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေတွင် ပါဝင်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်၊ ဥပဒေပါအခွင့်အရေးများ၊ ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်(ပြန်/ဆက်)


