မြစ်ကြီးနား နိုဝင်ဘာ ၂၀
မြန်မာနိုင်ငံကြက်ခြေနီအသင်း (ကချင်အထူးစီမံချက်)ရုံးမှ ကန့်သတ်ချက်မဲ့ ငွေသားထောက်ပံ့ခြင်း အစီအစဉ်ဖြင့် မြစ်ကြီးနားမြို့ပေါ်ရှိ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများသို့ နို၀င်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ တာ၀န်ရှိသူများက သွားရောက် ထောက်ပံ့ခဲ့ကြသည်။
ထိုသို့ ထောက်ပံ့ရာတွင် ပြည်နယ်ကြက်ခြေနီဥက္ကဋ္ဌ ဦးဘရန်ဒီး၊ ပြည်နယ်တပ်ဖွဲ့မှူး ဦးချစ်ဖေနှင့် ကချင်အထူးစီမံချက်ရုံးမှ တာဝန်ရှိသူများက မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်း KBC တိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စုများကို တစ်အိမ်ထောင်လျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် အိမ်ထောင်စု ၁၆၇ စုအတွက် စုစုပေါင်း ငွေကျပ် ၃၃၄ သိန်း သွားရောက်ထောက်ပံ့ခဲ့သည်။
ဆက်လက်၍လည်း ဝိုင်းမော်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများသို့ ကန့်သတ်ချက်မဲ့ ငွေသား ထောက်ပံ့ခြင်း အစီအစဉ်ဖြင့် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)


