အဒစ်အဘာဘာ နိုဝင်ဘာ ၂၁
အာဖရိကတိုက်၌ ယမန်နေ့မွန်းလွဲပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၈၅၇၆၉၉၉ ဦး ရှိလာကြောင်း အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။
အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးအေဂျင်စီများအား ကိုယ်စားပြုသည့် အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ပြောကြားချက်အရ အာဖရိကတိုက်တစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၂၂၁၄၉၇ ဦးရှိလာကြောင်း သိရသည်။ လက်ရှိတွင် အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၈၀၂၁၈၆၁ ဦးရှိကြောင်း သိရသည်။
တောင်အာဖရိကနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ တူနီးရှားနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့သည် အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအများဆုံးနိုင်ငံများဖြစ်ကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။
တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၉၂၈၂၈၈ ဦးရှိကြောင်းနှင့် မော်ရိုကိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၄၈၇၀၅ ဦးရှိကြောင်း သိရသည်။ အာဖရိကတိုက်၌ အာဖရိကတောင်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုအများဆုံးဒေသဖြစ်ပြီး အာဖရိကမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသတို့သည် ကိုဗစ်-၁၉ရောဂါကူးစက်ခံရမှု ဒုတိယအများဆုံးဒေသများဖြစ်ကာ အာဖရိက အလယ်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အနည်းဆုံးဖြစ်ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ၊
ဘာသာပြန်- အလင်းသစ်