ရန်ကုန် နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက်ပိုင်းတွင် မှော်ဘီမြို့နယ် ဆန်စပါးသုတေသနဌာန မြေနေရာဝင်းအတွင်း ဆောင်ရွက်နေသော လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်းလုပ်ငန်းခွင်၌ မြေသားအကြိုအနည်ထိုင်ကန် တည်ဆောက်ပြီးစီးမှု၊ ရေဝင်မြောင်းတူးဖော်နေမှု၊ ရေတွန်းစက်ရုံ Basement Wall သံချည်သံကွေး လုပ်ငန်းနှင့် ရေဂိတ်တံခါး Base Slab Lean Concrete လောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ရေတွန်းစက်ရုံဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးမှု၊ ပြည်လမ်းတစ်လျှောက် 1600mm HDPE ပိုက်ဆက်သွယ်ခြင်းလုပ်ငန်းနှင့် ဖူးကြီး-လှော်ကား ၆၀ လက်မ ကွန်ကရိပိုက်သို့ ဆက်သွယ်ရန် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ မြို့တော်ဝန်သည် အင်းစိန်မြို့နယ် ပုလဲလမ်းမကြီး MEC သံမဏိစက်ရုံ ရှေ့၌ အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)မှ ဆောင်ရွက်နေသော အရှည်ပေ ၈၀၀ ၊ အကျယ် ၄ ပေ၊ အနက် ၅ ပေရှိ အုတ်ရေမြောင်းတည်ဆောက်နေမှုနှင့် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် ၁၄ရပ်ကွက် ဘုရင့်နောင်တံတားနှင့် အောင်ဇေယျတံတားအကြား ဆိပ်ကမ်းသာလမ်းပေါ် မြေဧရိယာ ၃၁ ဧကတွင် Southern Metal Industry Co., Ltd. မှ တည်ဆောက်နေသော River Front Garden စီမံကိန်းသို့ သွားရောက်ပြီး စီမံကိန်းဆက်လက် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးသည်။
ထို့နောက် မြို့တော်ဝန်သည် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းရှိ ရန်ကုန်မြို့ တော်ခန်းမ၌ အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)မှ ဆောင်ရွက်နေသော အလျား ၇၀ ပေ၊ အနံ ၃၃ ပေ၊ အနက် ၇ ပေရှိ ရေဂါလံ (၁)သိန်းဆန့် ရေစုကန် RC Ground Tank တည်ဆောက်နေမှုလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
(သတင်းစဉ်)


