ကျိုက်မရော နိုဝင်ဘာ ၂၂
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ယနေ့နံနက် ၈ နာရီမှစတင်ကာ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများနှင့်အညီ စနစ်တကျထုတ်ပေးလျက်ရှိသည်။
ထိုသို့ ပင်စင်လစာငွေများထုတ်ပေးရာ၌ အသက်ကြီးပင်စင်စားများ၏ ကျန်းမာရေးကိုအဓိကထား၍ ဘဏ်အတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန် အုပ်စုများခွဲ၍ ထုတ်ပေးလျက်ရှိပြီး ပင်စင်လာရောက်ထုတ်သူများ အနားယူနိုင်ရန်အတွက်လည်း အမိုးအကာများဖြင့် အနားယူနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
အငြိမ်းစားလစာ လာရောက်ထုတ်သူများကို နှာခေါင်းစည်း mask များ အခမဲ့ဖြန့်ဝေခြင်း၊ လက်ဆေးရန်ဘေစင်များ၌ လက်သန့်ဆေးရည်များ ထားရှိပေးခြင်းနှင့် လက်ဆေးပြီးမှ ဘဏ်အတွင်းသို့ ဝင်ရောက်စေရန် မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ကျိုက်မရောမြို့နယ်အတွင်း၌ အငြိမ်းစားနိုင်ငံဝန်ထမ်း ပင်စင်လစာထုတ်ယူသည့် ဦးရေမှာ ၇၅၀ ခန့်ရှိပြီး ပင်စင်ထုတ်ယူရာတွင် အခက်အခဲမရှိစေရန် အုပ်စုများခွဲကာ နေ့ရက်သတ်မှတ်ပေး၍ အလှည့်ကျထုတ်ပေးကြောင်း၊ အငြိမ်းစားဝန်ထမ်းများ၏ လုံခြုံရေးကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများကို နိုဝင်ဘာ ၂၂ ရက်မှစတင်ကာ လကုန်ရက်အထိ ဘဏ်ဖွင့်ချိန်များအတွင်း နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာမာလွင်ထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)


