မြစ်ကြီးနား    နိုဝင်ဘာ ၂၂

 

ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်  ပြည်နယဝန်ကြီးများ၊‌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ   နိုဝင်ဘာ ၂၁ ရက် ‌မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီကယ်ဆေးရေး စခန်းများမှ အိမ်ထောင်စု (၁၆)စုအား ပလန ကျေးရွာအုပ်စု ၊ ငွေပျော်စံပြကျေးရွာအတွင်း အသစ်ဆောက်လုပ်ပြီးစီးခဲ့သည့် တန်ဖိုးနည်း အိမ်ရာများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့သည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က IDPs စခန်းများရှိ ပြည်သူများ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် မိမိတို့ ကချင်ပြည်နယ်အစိုးရအဖွဲ့အ‌နေဖြင့် လိုအပ်သည်များအား အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ IDPsစခန်းများအတွက် လူသားချင်း စာနာ‌ထောက်ထားမှု အကူအညီများ‌‌ပေးနိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး ၊ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  အသက်မွေးဝမ်း‌‌ကျောင်းလုပ်ငန်းများ‌ ဖော်ဆောင်ပေးနိုင်ရေးအတွက် မဟာဗျူဟာများ  ချမှတ်ကာဆောင်ရွက်လျက်ရှိကြောင်း အားပေးစကားပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၀င် ပြည်နယ်ဝန်ကြီးများက အသစ်ပြောင်းရွေ့လာသည့် အိမ်ထောင်စု (၁၆)စုနှင့် မြစ်ကြီးနားမြို့ရှိ ယာယီကယ်ဆယ်‌ရေး စခန်းများအတွက် ဆန် ၊ ဆီ၊ ပဲ၊ ဆား၊ Family Kit ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ တာပေါ်လင်မိုးကာ၊ တစ်ကိုယ်ရေ ကျန်းမာရေးသုံးပစ္စည်းများ၊ နှာခေါင်းစည်း Maskများနှင့် လက်သန့်ဆေးရည်များအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ ပြောင်းရွေ့လာသည့် အိမ်ထောင်စုများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

အဲ့ဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အသစ်ဆောက်လုပ်ပြီးစီးသည့် တန်ဖိုးနည်းအိမ်ရာများအား လှည့်လည်‌ကြည့်ရှု စစ်ဆေးခဲ့ပြီး ယာယီနေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီး‌ ‌ တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။ ယင်းနောက် ‌ငွေပျော်စံပြကျေးရွာအတွင်း အဆောက်အဦး ဆောက်လုပ်ထားခြင်းမရှိသည့်‌ မြေနေရာ ၊ စာသင်ကျောင်းနှင့် ‌ကျေးရွာအတွင်း လစ်လပ်မြေနေရာများအား IDPs စခန်းများအတွက် ပြန်လည်နေရာချထား‌ပေးနိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

ပြည်နယ် ပြန်/ဆက်