ကျောက်ဆည် နိုဝင်ဘာ  ၂၂

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ပင်တလည်ကျေးရွာတွင် နိုင်ငံသားသတ်မှတ်ချက်နှင့် ကိုက်ညီသည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လက်ဝယ် အရောက် ထုတ်ပေးနိုင်ရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကာ ပန်းခင်းစီမံချက် ပညာပေးလက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သိရသည်။

 

နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးရာတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ထားရွှေနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ  အသက် (၁၀)နှစ်မှ (၁၆)နှစ်အကြား အမျိုးသား (၁)ဦး၊ အမျိုးသမီး(၁)ဦး၊ အသက်(၁၆)နှစ်မှ အသက်(၁၈)နှစ်အကြား အမျိုးသား(၅)ဦး၊ အမျိုးသမီး(၈)ဦး၊ အသက် (၁၈)နှစ်အထက် အမျိုးသား(၅)ဦး၊ အမျိုးသမီး(၉)ဦး စုစုပေါင်း (၃၂)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်လဲသူ အမျိုးသား (၇)ဦး၊ အမျိုးသမီး(၁၀)ဦးနှင့် အမျိုးသား(၉)ဦး၊ အမျိုးသမီး(၁၂)ဦး စုစုပေါင်း(၂၁)ဦးနှင့် အိမ်ထောင်စု လူဦးရေစာရင်း(၇)စုကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈၇)အုပ်စု၊ ကျေးရွာပေါင်း(၂၁၇)ရွာ ရှိပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ၊ အိမ်ထောင်စုစာရင်းများ အခမဲ့ပြုလုပ်ပေးလျက်ရှိရာ ယခုအခါ အသက်(၁၀)နှစ်မှ (၁၈)နှစ်အကြား (၂၁၅)ဦး၊ အသက်(၁၈)နှစ်အထက်(၂၁၃၄)ဦး စုစုပေါင်း(၂၃၄၉)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်များ အခမဲ့ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အမျိုးသား(၁၀၄၅)ဦး၊ အမျိုးသမီး(၉၇၄)ဦး စုစုပေါင်း (၂၀၁၉)ဦးရှိသည့် အိမ်ထောင်စုလူဦးရေစာရင်း(၆၂၁)စု ကိုလည်း ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

 

သက်မောင်(ကျောက်ဆည်)