နေပြည်တော်   နိုဝင်ဘာ   ၂၂

 

 

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ ရသုံး မှန်းခြေ ငွေစာရင်းဦးစီးဌာန၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

 

 

ဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ ပြည်သူ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း စီမံခန့်ခွဲမှုအဖွဲ့၊ အဖွဲ့ဝင် ဌာနအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဝန်ကြီးဌာနအဖွဲ့ အစည်း (၃၄) ခုမှ ညွှန်ကြားရေးမှူးအဆင့် သင်တန်းသားများ တက်ရောက်ကြသည်။

 

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်သည် “ခိုင်မာသည့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ကို တည်ထောင်ရန် အတွက် စွမ်းရည်ပြည့်ဝသည့် နိုင်ငံ့ဝန်ထမ်းများ မွေးထုတ်ပေးရန် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန/ အဖွဲ့အစည်းများအနေဖြင့် စီမံကိန်း ရေးဆွဲခြင်းနှင့် ဘတ်ဂျက်ရေး ဆွဲခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ချိတ်ဆက်မှု ခိုင်မာအားကောင်းရန် လိုအပ်ကြောင်း၊ အသုံးစရိတ်များသုံးစွဲရာတွင် အကျိုးရှိရှိနှင့် ထိရောက်စွာ သုံးစွဲရန်နှင့် လျာထားချက်အတိုင်း ပြည့်ဝစွာအကောင်အထည်ဖော်နိုင်ရန်လိုအပ်ကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်မှု၊ ဘတ်ဂျက်အကောင်အထည်ဖော်မှု အစီရင်ခံစာများ စနစ်တကျတင်ပြရန် လိုအပ်ပြီး စနစ်တကျစာရင်းစစ်ဆေးမှုခံယူရန်အတွက် စဉ်ဆက်မပြတ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သင်တန်း ကျောင်း စတင်ဖွင့်လှစ်ချိန်မှစ၍ ယနေ့အထိ ပုံမှန်သင်တန်းများအဖြစ် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု အခြေခံသင်တန်း (၂) ခုနှင့် အထူးကာလတို သင်တန်းများအဖြစ် (၃၄) ခု ဖွင့်လှစ် ပို့ချခဲ့ပြီး သင်တန်းသား/သူ စုစုပေါင်း (၁၆၃၉) ဦး တက်ရောက်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ အခြေခံ သင်တန်း အမှတ်စဉ် (၃) ကို ဆက်လက် ဖွင့်လှစ်လျက်ရှိပါကြောင်း၊ နိုင်ငံတော်တွင် ဘတ်ဂျက်ရငွေ၊ သုံးငွေ၊ ပိုငွေ၊ လိုငွေအခြေအနေများ သည် အရေးပါသော ကိန်းဂဏန်းများဖြစ်ကြောင်း၊ လိုငွေသည် ကြွေးမြီကို မြင့်မားစေကြောင်း၊ အစိုးရဌာန အဖွဲ့အစည်းအားလုံးက ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဘာသာရပ်များကို သိရှိနားလည် တတ်မြောက်ထားရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်ဖြစ်သည့် နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး၊ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်ပျိုးထောင်ပေးရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

 

ယင်းနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက သင်တန်း ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြသည်။

 

သင်တန်းတွင် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံ ညွှန်ကြား ရေးမှူးအဆင့် အရာထမ်းများအား ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် သက်ဆိုင်သော ဘာသာရပ် များ ကို သင်ကြားပို့ချပေးမည်ဖြစ်သည်။ သင်တန်းကာလမှာ (၁) ပတ်လျှင် (၅) ရက်၊ တစ်ရက်လျှင် (၂) နာရီ ခန့်ဖြင့် ရက်သတ္တပတ် (၄) ပတ်ကြာမြင့်မည် ဖြစ်ပြီး၊ ရုံးချိန်ပြင်ပ လုပ်ငန်းခွင်မပျက် တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်သည်။

 

          

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံ သင်တန်းများ၊ ကာလတိုအထူးသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဘာသာရပ်ဆိုင်ရာ နှီးနှောဖလှယ် ပွဲများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

 

(သတင်းစဉ်)