နေပြည်တော် နိုဝင်ဘာ ၂၂

 

နိုင်ငံတော်က ချမှတ်ထားသည့်ညွှန်ကြားချက်များနှင့်အညီ မိုးစပါး တစ်ဧက တင်း (၁၀၀) အထက် ထွက်ရှိရေး၊ နွေစပါးတစ်ဧကတင်း (၁၂၀) အထက် ထွက်ရှိရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာနက စံပြကွက်များ ဆောင်ရွက်ပြသပေးလျက် ရှိကြောင်း၊ နိုဝင်ဘာ ၂၀ ရက်က ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ မိုးစပါး တစ်ဧက တင်း (၁၀၀) အထက် ထွက်ရှိရေး စံပြစိုက်ကွင်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးစဉ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးချုပ် ဒေါက်တာ ရဲတင့်ထွန်း က တာဝန်ရှိသူများကို ဆွေးနွေးပြောကြားသည်။

 

ညွှန်ကြားရေးချုပ်နှင့်အဖွဲ့သည် မှော်ဘီမြို့နယ် မြန်မာ့ဆန်စပါး သုတေသနဌာန လုပ်ငန်းဆိုင်ရာများအား ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆွေးနွေးခဲ့သည်။

 

ထိုမှတစ်ဆင့် မှော်ဘီမြို့နယ်  မြောင်းတကာကျေးရွာအုပ်စု ရိုးဝကျေးရွာ တောင်သူဦးမြင့်ဦး၏ ကွင်းအမှတ် ၆၆၀ ဦးပိုင်အမှတ် ၃/၂ တွင် သိပ္ပံနည်းကျ စိုက်ပျိုးထားရှိသော ရက် (၉၀) စပါး (၁၀) ဧက တွင် စံကွက်ရိတ်သိမ်းနေမှု၊ တိုက်ကြီးမြို့နယ် ပုတ္တကျေးရွာအုပ်စု ကြို့ကုန်းကျေးရွာ တောင်သူ ဒေါ်နော်အဲမရီး၏ ကွင်းအမှတ် ၇၀၄-က ၊ ဦးပိုင်အမှတ် ၁၅-င တွင် စိုက်ပျိုးထားရှိသော မိုးစပါး မျိုးသန့် မျိုးစေ့ထုတ် ဆင်းသုခမျိုး (၄ ဒသမ ၁၄) ဧက၏ စံကွက် ရိတ်သိမ်းနေမှုကို ကြည့်ရှု အားပေးသည်။

 

မွန်းလွဲပိုင်းတွင် ဟင်းသီးဟင်းရွက် သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနနှင့် အပင်ဇီဝနည်းပညာ ဗဟိုဌာနများသို့ ရောက်ရှိပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ သုတေသန ပညာရှင်များအား တွေ့ဆုံ၍ စပါးအပါအဝင် ဟင်းသီးဟင်းရွက် သစ်သီးဝလံများ တိုးတက် ထုတ်လုပ်နိုင်ရေးအတွက် အဓိက လိုအပ်ချက် တစ်ခုဖြစ်သော မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ရာတွင် ခေတ်မီ Bio Technology နည်းပညာ အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မျိုး နှင့် နည်းပညာများ ဖော်ထုတ်ပေးနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်းဖြင့် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

ညီညီသန်း (နေပြည်တော်)