နေပြည်တော် နိုဝင်ဘာ ၂၂

 

လယ်ယာကဏ္ဍတွင် အရည်အချင်း ပြည့်ဝသည့် လူ့အရင်းအမြစ်အင်အားများ တိုးပွားလာရေးအတွက် အဓိကတာဝန်ယူ လေ့ကျင့်ပျိုးထောင်ပေးကြမည့် စိုက်ပျိုးရေးသိပ္ပံကျောင်းများနှင့် မွေးမြူရေး ဒီပလိုမာသင်တန်းများ အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကို အကောင်းဆုံး ဖြတ်ကျော်နိုင်မည့် နေ့စဉ် လူနေမှုဘဝ ပုံစံသစ်ကို ဖော်ဆောင်ပြီး ထိရောက်သော သင်ကြားမှုပုံစံ၊ လက်တွေ့လုပ်ငန်းခွင်သို့ အသင့်ဝင်ရောက်နိုင်မည့် လေ့ကျင့်မှုပုံစံတို့ဖြင့် သွက်လက်ထက်မြက်စွာ သင်ကြားနိုင်ရေး စီမံဆောင်ရွက်သွားကြစေလိုကြောင်း နိုဝင်ဘာ (၂၁) က ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ကြီး နှင့် ဆရာ ဆရာမများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ကိုဗစ်-၁၉ ကြောင့် သင်ကြားရေးလုပ်ငန်းများ ရပ်နားထားခဲ့သည့် စိုက်ပျိုးရေး သိပ္ပံကျောင်းများ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကို မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ရာ လိုအပ်သော အကြိုပြင်ဆင်မှုများနှင့် အသစ်ဖွင့်လှစ်မည့် မွေးမြူရေး ဒီပလိုမာသင်တန်းအတွက် သင်ကြားမှု သင်ယူမှု အထောက်အကူပြုများ ပြည့်စုံစေရေး၊ စာသင်ခန်း၊ လက်တွေ့ခန်းနှင့် ဓာတ်ခွဲခန်းများ အရည်အသွေး ပြည့်ဝရေးနှင့် ကျောင်းဖွင့်ကာလအမီ လုပ်ငန်းများ ပြီးစီးရေးနှင့် အဆောက်အဦများ ပြန်လည်ပြုပြင် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းစာကြည့်တိုက်အတွက် နည်းပညာနှင့် အထွေထွေဗဟုသုတစာအုပ်များ နှင့် ရန်ပုံငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။

 

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ စိုက်ပျိုးရေးဒီပလိုမာ သင်တန်းများကို စိုက်ပျိုးရေး သိပ္ပံ (နေပြည်တော်၊ပျဉ်းမနား)၊ သထုံ၊ မြောင်းမြ၊ ရွှေဘို၊ ပုသိမ်ကြီး၊ ပွင့်ဖြူ၊ သာယာဝတီ၊ ထားဝယ်၊ ဟဲဟိုး၊ မြစ်ကြီးနား၊ ဒီးမောဆို၊ ဇွဲကပင်(ဘားအံ)၊ လုံပီး(ဖလမ်း)၊ ကျောက်တော်၊ ဟုမ္မလင်း တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ မွေးမြူရေးဒီပလိုမာ သင်တန်းများကို စိုက်ပျိုးရေးသိပ္ပံ (နေပြည်တော်၊ ပျဉ်းမနား)၊ ပုသိမ်ကြီး နှင့် ဟဲဟိုးတို့တွင် ရှေ့းပြေးဖွင့် လှစ်သွားမည်ဖြစ်ကာ စိုက်ပျိုးရေး သိပ္ပံကျောင်းအားလုံးတွင် တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ စက်မှုလယ်ယာဒီပလိုမာ သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေးကိုလည်း ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရေဆင်း) တွင် ကျင်းပပြုလုပ်မည့် လိမ္မော် နှင့် ရှောက်မျိုးရင်းဝင် သစ်သီးပင်များ ပြိုင်ပွဲ၊ ပြပွဲ နှင့် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရေး အကြိုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စိုက်ပျိုးရေး သုတေသနဦးစီးဌာနရှိ စာကြည့်တိုက်အတွက် စာအုပ်နှင့်ရန်ပုံငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်