နေပြည်တော်၊ နိုဝင်ဘာ (၂၂)

စက်မှုဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် အဖွဲ့အစည်းများ၏ အရည်အသွေး စီမံခန့်ခွဲမှု သင်တန်းကို ယနေ့ မွန်းလွဲပိုင်းတွင် virtual  စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိုင်ငံတော် ဝန်ကြီးချုပ်က “သံ၊ သံမဏိ၊ ဘိလပ်မြေ၊ ချည်ထည်၊ ဆေးဝါး၊ လူသုံးကုန် ပစ္စည်းများကို ပြည်တွင်း၌ အရည်အသွေးပြည့်မီပြီး အဆင့်အတန်းမီ ထုတ်လုပ်၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေး ဆောင်ရွက်ရန်နှင့် စက်ရုံများအား အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) ဖြင့် အောင်မြင်အောင် ဆောင်ရွက်ရန်” လမ်းညွှန်ထားကြောင်း၊ ထို့ကြောင့် အရည်အသွေးရှိသော ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် အရည်အသွေးရှိသော စီမံခန့်ခွဲမှု စနစ်ရှိမှသာ အရည်အသွေးရှိသော စက်ရုံ/အလုပ်ရုံ၊ ရုံးဌာနများ ဖြစ်မည်ဖြစ်ကြောင်း၊ အရည်အသွေးပြည့်ဝပြီး အာမခံရှိသော စက်ရုံ/အလုပ်ရုံ၊ ရုံးဌာနများ ဖြစ်စေရေးအတွက် Quality Management–Quality of an Organization ရှိရန်လိုကြောင်း၊ စက်ရုံ/ အလုပ်ရုံများတွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ဝန်ထမ်းများ၏ လုပ်ငန်းခွင် ကျန်းမာရေး ထိခိုက်မှု မရှိစေရေးအတွက်လည်း အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

နိုင်ငံတော်၏ စီးပွားရေးရည်မှန်းချက်များ ပြည့်မီရေးအတွက် ကုန်သွယ်စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးကို  အထောက်အကူပြုသည့် စံချိန်စံညွှန်းများ၏ အရေးကြီးမှုကို ပိုမိုသိရှိနားလည် အသုံးပြုကြရန်နှင့် စီးပွားရေးလုပ်ငန်းများ၊ စက်မှုကုန်ထုတ်လုပ်ငန်းများ၊ စားသုံးသူများ၏ လိုအပ်ချက်များကို စံချိန်စံညွှန်းကဏ္ဍက အကူအညီပေးခြင်းဖြင့် မြှင့်တင်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ကဏ္ဍအလိုက် အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အမျိုးသား အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းလာစေရန် ဥပဒေများ ပြဋ္ဌာန်းခြင်း၊ မူဝါဒများ ချမှတ်ခြင်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စံချိန်စံညွှန်းသည် အသွင်ကူးပြောင်းရေး ကာလတွင် အရေးကြီးသည့်ကဏ္ဍမှ ပါဝင်နေပြီး စံချိန်စံညွှန်းများ မရှိဘဲ ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ စံချန်စံညွှန်း ချမှတ်ခြင်းအတွက် အမျိုးသား စံချိန်စံညွှန်းကောင်စီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် နည်းပညာဆပ်ကော်မတီ (၂၅) ခုကို ဖွဲ့စည်းပြီး မြန်မာစံချိန်စံညွှန်း (၄၃၉) ခုကို ချမှတ်ခဲ့ပြီးဖြစ်ကြောင်း။

စက်မှုဝန်ကြီးဌာနအနေဖြင့် နည်းပညာဆပ်ကော်မတီ (၇) ခုကို တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ချမှတ်ပြီးဖြစ်သည့် မြန်မာစံချိန်စံညွှန်း (၄၃၉) ခုအနက် စံချိန်စံညွှန်း (၂၅၀) ခုကို အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများကို ကိုးကား၍ ချမှတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် စံချိန်စံညွှန်းများကို အသုံးချရန်နှင့် စံချိန်စံညွှန်းပါ ဖော်ပြချက်များကို သိရှိနားလည်နိုင်ရန် အရေးကြီးကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် သင်တန်းမှ မျှဝေမှုများကို စနစ်တကျ လိုက်ပါအကောင်အထည်ဖော်နိုင်ခြင်းဖြင့် ISO 9004:2018 ပါ ဖော်ပြချက်များကို သိရှိလိုက်နာနိုင်ပြီး Quality Management System အရ အဖွဲ့အစည်းတစ်ခု၏ အရည်အသွေး (Quality of an organization)၊ စဉ်ဆက်မပြတ် အောင်မြင်မှု (Sustained Success) ရရှိစေရန်အတွက် သတ်မှတ်ချက်များ၊ လမ်းညွှန်ချက်များကို နားလည်သဘောပေါက်မည်ဟု ယုံကြည်ပါ ကြောင်း။

သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချချက်များကို လေးလေးနက်နက် လေ့လာမှတ်သားပြီး မိမိတို့ဌာန၏ အရည်အသွေးကို စဉ်ဆက်မပြတ် အောင်မြင်အောင် ပြန်လည်အသုံးချကြရန်နှင့် စက်မှုဝန်ကြီးဌာနမှ စက်ရုံမှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူးများအနေဖြင့် ယခုအလုပ်ရုံ ဆွေးနွေးပွဲမှရရှိသည့် အသိပညာနှင့် အရည်အသွေး စီမံခန့်ခွဲမှု စနစ်ကို အခြေခံပြီး မိမိတို့၏ စက်ရုံ/အလုပ်ရုံ၊ ရုံးဌာနများတွင် အရည်အသွေး စီမံခန့်ခွဲမှုစနစ်များကို ထူထောင်၍ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြောကြားသည်။

ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အရည်အသွေး စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ အဆိုပါသင်တန်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာနမှ နည်းပြဆရာမများမှ အရည်အသွေး စီမံခန့်ခွဲမှု  နှင့်ပတ်သက်သည့် ဘာသာရပ်များအား (၅) ရက်ကြာ ဆွေးနွေးပို့ချမည်ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်

mdn