ကျိုက်မရော နိုဝင်ဘာ ၂၃

 

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာခြောက်ရွာကို ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လမီနီဘတ်ဂျက် တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၅၀၀၊ ပြည်သူထည့်ဝင်ငွေ တို့ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းစိုးထံမှ သိရသည်။

 

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် မိမိတို့ကျေးရွာ၏ ပကတိလိုအပ်ချက်များပါဝင်သော ကျေးရွာဖွံ့ဖြိုးရေး စီမံချက်များကို မိမိတို့ကိုယ်တိုင်ရေးဆွဲပြီး အဆိုပါစီမံချက်များကို မြို့နယ်စီမံကိန်းရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

 

"ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းက ကျေးရွာသူကျေးရွာသားတွေ အားလုံးပါဝင်ပြီး ကျေးရွာရဲ့ အဓိက လိုအပ်ချက်တွေပါဝင်တဲ့ ဦးစားပေးအလိုက် စီမံချက်လုပ်ငန်းတွေ ဖော်ထုတ်ပါတယ်၊ အဲဒီစီမံချက် လုပ်ငန်းတွေထဲက ပထမဦးစားပေးလုပ်ငန်းကို ကျွန်တော်တို့ဦးစီးဌာနက ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး ကျေးရွာရဲ့ ငွေထည့်ဝင်မှု၊ လုပ်အားထည့်ဝင်မှုတွေနဲ့ စတင်ဆောင်ရွက်ပေးပါတယ်၊  ကျန်တဲ့လုပ်ငန်းတွေကို သက်ဆိုင်ရာ မြို့နယ်အဆင့်ဦးစီးဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ရေးဆွဲပေးတဲ့စီမံကိန်းတစ်ခု ဖြစ်တယ်လို့" ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လတ်က ပြောသည်။

 

 

ကျိုက်မရောမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ယခုဘဏ္ဍာနှစ် ခြောက်လတာ ကာလတွင် ကြံတော၊ ကျောက်ကွဲ၊ ကော့ပန်းကျော်၊ သင်္ဃန်းချောင်၊ လှည်းတန်း၊ ကြက်သွန်ကုန်း စသည့်ကျေးရွာခြောက်ရွာအား စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သန်း ၅၀၀၊ ကျေးရွာပြည်သူများ၏ ငွေအား လုပ်အားထည့်ဝင်မှုများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း များကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နည်းပညာများပံ့ပိုးကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

သန်းလွင်(မကွေး)