ဗန်းမောက် နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ကနန်းဒေသစိတ်အတွင်းရှိ ကျေးရွာများ၌ ယခုထိတိုင် မြေပဲဆီနှင့် နှမ်းဆီများကို ကြိတ်ဖိတုံးဖြင့် ဖိညှပ်၍ ရိုးရာအစဉ်အလာမပျက် စားသုံး လာကြကြောင်း သိရသည်။
လယ်ယာမြေများနှင့် တောင်ကုန်းများတွင် စိုက်ပျိုးခဲ့သော မြေပဲများနှင့် နှမ်းများအား အခွံခွာကာ မြေပဲဆန်၊ နှမ်းစေ့များကို နေပူတွင် အခြောက်လှမ်းပြီး ဆုံကြီးထဲတွင် ထည့်ထောင်းကာ ပေါင်းအိုးပေါင်းချောင်၌ ထည့်ပေါင်းရသည်။ ဝါးနှီးဖြင့် ပြုလုပ်ထားသည့် ညှပ်တောင်းတွင် ထည့်၍ အခေါင်းထွင်းထားသည့် သစ်တုံးကို ဖိတုံးအဖြစ် အသုံးပြုကာ အောက်ခံ ၃ လက်မထု၊ အကျယ် ၄ ပေရှိ တမလန်းသားကို ကျောက်ပြင်ကဲ့သို့ပြုလုပ်ပြီး ဖိတုံးနှင့် အောက်ခံအလယ်တွင် ညှပ်တောင်းကိုထား သည်။ ထို့နောက် ဆီကျရန် အပေါက်တွင် ၂ လက်မရှိ ဝါးလုံး သို့မဟုတ် သွပ်ပြားဖြင့် ပြုလုပ်၍ ဆီခံခွက်ဖြစ်သော ဒန်အိုး စတီးချိုင့်တို့ဖြင့် ခံထားကြရသည်။ တုံးပေါ်၌ လေးလံသည့် ကျောက်တုံးကြီးများ၊ သစ်တုံးကြီးများတင်ထားကာ လူများတက်ဖိပြီး မြေပဲဆန် တစ်ပြည်နှင့် နှမ်းစေ့ တစ်ပြည်တို့ကို ၃ နာရီကြာခန့် ကြိတ်ဖိညှပ်ပါက ဆီ ၃၀ ကျပ်သားကျော်ရရှိကြကြောင်း သိရသည်။
“အဘွားတို့ ဘိုးဘွားတွေလက်ထက်ကတည်းက ယခုထိတိုင် မြေပဲဆီနဲ့ နှမ်းဆီတွေကို ဒီလို ညှပ်ပြီးတော့စားသုံးလာကြတာပါ။ ဘယ်ဆီမှ ဝယ်မစားဘူး။ အဘွားတို့ လယ်ယာမြေ တောင်ယာမြေမှာ တစ်နှစ်စာစိုက်ပျိုးထားတဲ့ မြေပဲနဲ့ နှမ်းတွေကို စားချင်တဲ့အခါမှ သွားညှပ်တာ။ ပဲဆီ၊ နှမ်းဆီ စစ်စစ်စားရတာပေါ့။ အခုခေတ်က ပဲဆီလို့သာ ပြောကြတာ အရောအနှောများတယ်လေ။ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ပြောကြတော့ အဘွားတို့က မစားဘူး” ဟု ကစောက်ဖာကျေးရွာနေ အသက် ၈၃ နှစ်ရှိ အဘွားဒေါ်သန်းရင်က ပြောသည်။
ယခင်နှစ်ပေါင်းများစွာ ကတည်းက ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ဆီစက်များ မရှိကြသဖြင့် မြေပဲဆီ၊ နှမ်းဆီများကို ကြိတ်ဖိညှပ်တုံးများဖြင့်လည်းကောင်း၊ ဆီကြိတ်ဆုံများ ပြုလုပ်၍ နွားဖြင့် လှည့်ကြိတ်ကာ စားသုံးခဲ့ကြသော်လည်း ယခုတွင် ကျေးလက်ဒေသအများစု၌ ပျောက်ကွယ် သွားကြပြီဖြစ်သည်။ စားအုန်ဆီ၊ သံလွင်ဆီ၊ ရောနှောဆီနှင့် အသီးအနှံဆီများကိုသာ အများစုစားသုံးလာကြကာ ကနန်းဒေသစိတ်အတွင်းရှိ ကျေးရွာ(၂၃)ရွာမှာသာလျှင် အဆိုပါ ကြိတ်ဖိတုံးဖြင့် ဖိညှပ်၍ ရိုးရာမပျက်စားသုံးနေကြဆဲဖြစ်ကြောင်း သိရသည်။
လိူင်ဘွား(ဗန်းမောက်)


