မိုးညှင်း နိုဝင်ဘာ ၂၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံ သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီက ရှမ်းစာပေနှင့်ယဉ်ကျေးမှုရုံးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဘရန်ဒီးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာ ဦးမောင်မောင်မြင့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အရေးပေါ်သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တွင် မိမိတို့နယ်မြေဒေသအတွင်း၌ အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေးဦးပြုစုခြင်းလုပ်ငန်းများအား ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ အဆင်သင့်ရှိနေစေရန်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းတွင်ပို့ချပေးသွားမည့် ဘာသာရပ်များမှာ အကြိုဆန်းစစ်ခြင်း/ Red Ready Program(HLA)၊ ဘေးအန္တရာယ်ဆိုင်ရာဝေါဟာရနှင့် ဖွင့်ဆိုရှင်းလင်းချက်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွား လေ့ရှိသော ဘေးအန္တရာယ်များ၊ တာဝန်ခံမှု/တာဝန်ယူမှုများ၊ လူသားခြင်း စာနာထောက်ထားသော တုန့်ပြန်မှုများလုပ်ဆောင်ရာတွင် လိုက်နာရမည့် အခြေခံကျင့်ဝတ် စည်းကမ်းချက်များ၊ ရာသီဥတု ပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေစွာနေထိုင်ခြင်းစသည့် ဘာသာရပ်များကို သင်တန်းနည်းပြဆရာ ဦးမောင်မောင်မြင့်က သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသားသင်တန်းသူ စုစုပေါင်း(၃၀) တက်ရောက်ပါဝင်ကြပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ နှစ်ရက်တာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)


