ဝန်းသို နိုဝင်ဘာ ၂၃

 

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ဝန်းသိုမြို့နယ်တွင် တောင်သူများ၏ လယ်ယာထွက်ကုန်၊ ထုတ်ကုန်များ ဈေးကွက်သို့ အချိန်မီပို့ဆောင်ပေးနိုင်မည့် ကုန်ထုတ်လမ်းသုံးလမ်း ဆောင်ရွက်ပေးမည်ဖြစ်ရာ အဆိုပါ ကုန်ထုတ်လမ်းဆောင်ရွက်မည့် ကျေးရွာသုံးရွာသို့ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် အင်ဂျင်နီယာဝန်ထမ်းများသည် ယနေ့နံနက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် အင်ဂျင်နီယာဝန်ထမ်းများသည် သက်ဆိုင်ရာကျေးရွာများမှ ဖွံ့ဖြိုးရေးကော်မတီများနှင့်အတူ ကုန်ထုတ်လမ်း ဖောက်လုပ်မည့် ဘေးဝဲယာရှိ လယ်ရှင်၊ ယာရှင်တို့၏ မြေနေရာလှူဒါန်းပေးနိုင်မှု အခြေအနေ၊ လမ်းတွင် အသုံးပြုရန် မြေသယ်ယူနိုင်မည့် နေရာအခြေအနေ၊ လမ်းဖောက်လုပ်ရာတွင် တံတား၊ ရေပြွန်လိုအပ်မှုရှိမရှိ၊ စပါးရိတ်သိမ်းပြီးချိန် လုပ်ငန်းဆောင်ရွက်နိုင်မည့် အချိန်ကာလနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲရှိနိုင် မရှိနိုင်တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါကုန်ထုတ်လမ်း သုံးလမ်းကို ယခု ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ဘုရားတောင်ကျေးရွာ ကုန်ထုတ်လမ်းကို ခွင့်ပြုရန်ပုံငွေကျပ် ၅၅ ဒသမ ၅၁ သန်းဖြင့်လည်းကောင်း၊ ကျောက်စရစ်ကုန်းကျေးရွာ ကုန်ထုတ်လမ်းနှင့် ယင်းလမ်းပေါ်ရှိ ၁၄ ပေ ကွန်ကရစ်တံတား တစ်စင်း၊ Box Culvert နှစ်စင်းကို ခွင့်ပြုရန်ပုံငွေကျပ် ၃၃ ဒသမ နှစ်သန်းဖြင့်လည်းကောင်း၊ ဝင်းကြီးကျေးရွာ ကုန်ထုတ်လမ်းနှင့် Box Culvert နှစ်စင်းကို ခွင့်ပြုရန်ပုံငွေကျပ် ၅၃ ဒသမ ၂၁ သန်းဖြင့်လည်းကောင်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါကုန်ထုတ်လမ်းများ ဆောင်ရွက်ပြီးပါက ကျေးရွာသုံးရွာရှိ လယ်မြေဧက ၈၀၀ ကျော်အတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

 

မင်းမြင့်မိုရ်(ကျေးလက်)