ဘားအံ   နိုဝင်ဘာ   ၂၃

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ကော့စိန်ဘန်အောက်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၁၅၀(ဂ)၊ တံတားဦးကွင်းရှိ တောင်သူဦးအကွက်၏ ဧည့်မထအခြားအုပ်စု အရပ်ခေါ်(81) စပါးမျိုး ၃ ဧက၌ နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးဆောင်၍ မိုးစပါးစံကွက် ရိတ်သိမ်းခဲ့ကြသည်။

 

စံကွက်ရိတ်သိမ်းပွဲတွင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမင်းမင်းနှင့် ဘားအံမြို့နယ် ဦးစီးမှူး ဦးကျော်ကျော်တို့က စံကွက်ရိတ်သိမ်းပုံအဆင့်ဆင့်ကို ရှင်းလင်းတင်ပြကြပြီး တောင်သူများနှင့်အတူ (၆ ဒသမ ၆ ပေ x ၆ ဒသမ ၆ ပေ) ပတ်လည် ဧရိယာ ၀ ဒသမ ၀၀၁ ဧက စံကွက်သုံးကွက်ကို ရိတ်သိမ်းကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြပြီး တစ်ဧကအထွက်နှုန်း ၆၄ ဒသမ ၃၀ တင်း(အစိုထွက်နှုန်း) ရရှိကြောင်း သိရသည်။

 

အလားတူ အမှတ်(၂၀) ဘားအံစက်မှုလယ်ယာဦးစီးဌာနမှ ကူဘိုတာ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြွေလှေ့ သရုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုကြပြီး ပြည်နယ် စက်မှုလယ်ယာဦးစီးမှူးက ရိတ်သိမ်းခြွေလှေ့စက်ကို အသုံးပြုခြင်းအားဖြင့် လုပ်သားရှားပါးသည့် ပြဿနာကို ကျော်လွှားနိုင်ကာ စပါးလေလွင့်ဆုံးရှုံးမှု နည်းပါးသည့်အတွက် အချိန်မီ ရိတ်သိမ်း ခြွေလှေ့နိုင်ကြောင်း ရှင်းလင်းပြောပြသည်။ ဘားအံမြို့နယ်တွင် မိုးစပါး ၁၁၈၈၇၅ ဧက စိုက်ပျိုးရန် လျာထားခဲ့သော်လည်း လျာထားချက်ထက် ပိုမိုပြည့်မီကျော်လွန်ပြီး ၁၁၈၉၉၅ ဧကကျော်ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ လွန်းညကျေးရွာရှိ  လွန်းညရေပြာအိုင်အား ကိုဗစ်အလွန်ကာလတွင် အများပြည်သူ စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေနိုင်ရေး သွားရောက် ကြည့်ရှုစစ်ဆေးပြီး လွန်းညကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လွန်းညရေပြာအိုင် ထိန်းသိမ်းစောင့်ရှောက်မှုများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လွန်းညရေပြာအိုင် ပတ်ဝန်းကျင်ဒေသ သန့်ရှင်းသာယာလှပရေး၊ လွန်းညရေလျှံကွင်း ဂေဟစနစ် ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး၊ ဈေးဆိုင်များအား စနစ်တကျ နေရာချထားပေးနိုင်ရေး၊ အများသုံး သန့်စင်ခန်းများ လုံလောက်မှုရှိစေရေး လမ်းညွှန်မှာကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နောင်လုံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများ အေးချမ်းပျော်ရွှင်စွာ စာပေသင်ကြားသင်ယူနေမှုများကို သွားရောက်အားပေးရာ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ဆရာ ဆရာမ ၄၃ ဦးနှင့် စာရင်းရှိကျောင်းသား ကျောင်းသူ ၉၀ ရာခိုင်နှုန်းကျော် တက်ရောက် ပညာသင်ကြားနေမှုကို ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က နောင်လုံကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းအတွက် အထွေထွေအသုံးစရိတ် ငွေကျပ် သုံးသိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ဂုဏ်ပြုချီးမြှင့်ပေးအပ်သည်။

 

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကော့သင်းရှူးကျေးရွာအုပ်စု၊ လှိုင်ကားကျေးရွာရှိ ထွန့်ပတိုင်ကန်တော်မင်္ဂလာသို့ ရောက်ရှိကြကာ ထွန့်ပတိုင်ချမ်းသာကြီးကျောင်း၌ ထွန့်ပတိုင်ကန်တော် ဦးစီးတည်ထောင်သူ ကျောက်ကလပ်ဆရာတော် ဘဒ္ဒန္တဝိမလအား ဖူးမြော်ကြည်ညိုပြီး နေ့ဆွမ်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြသည်။

 

ပြည်နယ်ဝန်ကြီးချုပ်သည် ထွန့်ပတိုင်ကန်တော်မင်္ဂလာအား လှည့်လည်ကြည့်ရှုပြီး အများပြည်သူ အေးချမ်းစွာ အနားယူလည်ပတ်နိုင်ရေး နားနေရန်နေရာများ ဖန်တီးပေးရန်နှင့် ထွန့်ပတိုင်အဝင်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။

           

ထို့နောက် မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)