ပဲခူး   နိုဝင်ဘာ   ၂၃

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ငါးလုပ်ငန်းသင်တန်းကျောင်း၌ ဖွင့်လှစ်သည့် ကောင်းမွန်သော ရေနေသတ္တဝါမွေးမြူရေး အသိပညာပေး (GAqP) သင်တန်း (/၂၀၂၁)ဖွင့်ပွဲ သို့ တက်ရောက်ဖွင့်လှစ်ပေးသည်။

 

ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး၏ ငါးမွေးမြူထုတ်လုပ်မှုသည် ဒေသအတွင်း ငါးစားသုံးမှုဖူလုံသည့်အပြင် EU နိုင်ငံများနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချနေရကြောင်း၊ တစ်နေ့တခြား တိုးပွားလာသည့် လူဦးရေအတွက် စားနပ်ရိက္ခာ ပြည့်စုံဖူလုံရန် လိုအပ်သလို တစ်ဖက်တွင်လည်း မွေးမြူထုတ်လုပ်သည့် ငါးများသည် စားသုံးသူများကို ဘေးဥပါဒ်အန္တရာယ် မဖြစ်စေဘဲ ထုတ်လုပ်ရန် လိုအပ်ကြောင်း၊အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သော ငါးရိက္ခာများ စားသုံးမှသာ ပြည်သူလူထုကျန်းမာပြီး အသက်ရှည်မည်ဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများ အနေဖြင့် မိမိတို့၏လုပ်ငန်းခွင်ကို ပြန်ရောက်သည့်အခါ ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချပေးခြင်းနှင့် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးထွန်းဝင်းမြင့်က မွေးမြူရေး အသိပညာပေး (GAqP) သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ အဆိုပါ ကောင်းမွန်သောရေနေသတ္တဝါ မွေးမြူရေးအသိပညာပေး(GAqP) သင်တန်းကို  နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်ထိ သင်ကြားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၂၈ ဦး တက်ရောက်ကြကြောင်း သိရသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ကျောက်တွင်းကုန်းလမ်းဆုံအနီး ရှေးဟောင်းကျောက်ရေတွင်း ပြန်လည်ဖော်ထုတ်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လမ်းဘေးဝဲ/ယာ လူသွားလမ်းပလက်ဖောင်းများ ပြန်လည်အဆင့်မြှင့်တင်ရန်၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ ပြန်လည်အဆင့်မြှင့်တင်ရန်နှင့် Road Sign များ စနစ်တကျ တပ်ဆင်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်