နေပြည်တော် နိုဝင်ဘာ ၂၃

 

(၁၈)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးအတွက် အာဆီယံဒေသတွင်း တုံ့ပြန်နိုင်စွမ်းအား ခိုင်မာအားကောင်းစေရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး” ဆောင်ပုဒ်ဖြင့် ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ယနေ့တွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ကြပြီး အာဆီယံအဖွဲ့ဝင်(၁၀)နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၊ National Anti-Poverty Commission မှ Deputy Director General , Ms. Pat Ruiz က အဖွင့်အမှာစကားပြောကြားသည်။

 

ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ယခင်ကျင်းပခဲ့သော အစည်းအဝေးဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး အာဆီယံကျေးလက်ဒေသ ဖွံဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်ကဏ္ဍများကို ဆက်လက်ဆွေးနွေးရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး စီမံချက်မူဘောင် (၂၀၂၁-၂၀၂၅) ပါလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် စီမံကိန်း(၃)ခု အဆိုပြုထားပြီး စဉ်ဆက်မပြတ် ကျေးလက်အသက်မွေးဝမ်းကျောင်းနှင့် စွန့်ဦးတီထွင်မှုများကို တိုးမြှင့်ဆောင်ရွက်ရေးစီမံကိန်း၊ စဉ်ဆက်မပြတ် ကျေးလက်အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ရပ်ရွာလူထုခေါင်းဆောင်မှု ခိုင်မာအားကောင်းစေရေးစီမံကိန်းတို့ကို ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။

 

ဆက်လက်၍ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များအပေါ် ဆောင်ရွက်မှုများ၊ ရာသီဥတု ပြောင်းလဲမှုကဏ္ဍ၊ ကျား-မရေးရာကဏ္ဍ၊ အာဆီယံဒေသတွင်း ကိုဗစ်-၁၉ နောက်ပိုင်းကာလများ၌ ပြန်လည်ထူထောင်ရေးကို မြှင့်တင်ဆောင်ရွက်နိုင်မည့် အာဆီယံဘက်စုံပြန်လည်ထူထောင်ရေး မူဘောင်ရေးဆွဲခြင်းတို့ကို အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်