နေပြည်တော် နိုဝင်ဘာ ၂၃

ဝါလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက စက်မှု ဝန်ကြီးဌာန အစည်းအဝေးခန်မ၌ ကျင်းပသည်။

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိသူများ၊ အထည်စက်ရုံနှင့် ဝါကြိတ်စက်ရုံ ခွဲများမှ စက်ရုံမှူးနှင့်စက်ရုံခွဲတာဝန်ခံများ၊ မြန်မာနိုင်ငံဝါလုပ်ငန်းရှင်များအသင်း နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဝါလုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ မန်နေဂျင်းဒါရိုက်တာ များနှင့် စက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်သည်။

ရှေးဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဝါသီးနှံသည် ချည်ထည် လုပ်ငန်းများအတွက် အရေးပါသောကုန်ကြမ်းဖြစ်ပြီး သဘာဝချည်မျှင်များကို ထုတ်ပေး သည့် အပင်ဖြစ်ပြီး မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာအတွက်ပါ အရေးပါသောသီးနှံဖြစ် ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “မိမိတို့နိုင်ငံတွင် လူဦးရေ (၅၅)သန်း ခန့်ရှိပြီး ပြည်တွင်း၌ ချည်ထည်အသုံးအဆောင်များနှင့် အဝတ်အထည်ပစ္စည်းများစွာ လိုအပ် လျက်ရှိကြောင်း၊ ချည်ထည်များထုတ်လုပ်နိုင်ရန် အဓိကအကျဆုံးဖြစ်သည့် ဝါစိုက်ပျိုးမှု များအား တိုးချဲ့ဆောင်ရွက်ရန်နှင့် စိုက်ပျိုးသည့်ဝါများ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဝါများအထွက်နှုန်းတိုးအောင် ဆောင်ရွက်နိုင် ခြင်းဖြင့် ဝါစိုက်တောင်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မည်ဖြစ်သကဲ့သို့ ပြည်တွင်း လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ချည်မျှင်နှင့်အထည်စက်ရုံများ သည် နိုင်ငံအတွက် လွန်စွာအကျိုးရှိသည့် စက်ရုံများဖြစ်သဖြင့် နိုင်ငံ့လိုအပ်ချက်များအား  ပြည့်မီစွာထုတ်လုပ်၍ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် အဝတ်အထည်များအား အသုံးပြုနိုင်ရေး စနစ်တကျစဉ်းစားသုံးသပ်ဆောင်ရွက်ကြရန်” လမ်းညွှန်မှုပြုထားကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ရပ်ဆိုင်း ထားသော ဝါကြိတ်စက်များအား ယခုနှစ် ဝါရာသီအမီ ဝါကြိတ်ခွဲနိုင်ရေး အဆင်သင့်ပြုပြင် ပြင်ဆင်ထားပြီး ဝါဖြိုင်ဖြိုင်ပေါ်သောရာသီတွင် ဝါကြိတ်စက်များ စတင်လည်ပတ်နိုင်ရေး အတွက် တင်ဒါစနစ်ဖြင့် ဝါဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဝါကြိတ်စက် များမှ ကြိတ်ခွဲရရှိသော ဝါဂွမ်းကုန်ကြမ်းဖြင့် နိုင်ငံပိုင်ချည်မျှင်နှင့် အထည်စက်ရုံများမှ ကုန်ချောထုတ်လုပ်ပြီး ပြည်တွင်းအငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များအတွက် လိုအပ်သော ချည်ကုန်ကြမ်းအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင် မည်ဖြစ်ပါကြောင်း၊ ဝါကုန်ကြမ်းကောင်းရရှိရေးအတွက် မြန်မာ့ရေမြေရာသီဥတုနှင့် ကိုက်ညီပြီး ပိုးမွှားဒဏ် ခံနိုင်ရည်ရှိသည့် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးခြင်း၊ မြေယာဖွံ့ဖြိုးမှုအစီအမံများ ပြုလုပ်ဆောင်ရွက်ခြင်း၊ ဝါစိုက်ဧကများ တိုးချဲ့ စိုက်ပျိုးခြင်းနှင့် စိုက်ပျိုးရေးပညာရှင်များမှ ဝါစိုက်တောင်သူများအား ပညာပေးခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ဝါလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုပါကြောင်း ပြောကြားသည်။ 

ထို့နောက် တက်ရောက်လာကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူ များ၊ စက်ရုံမှူးနှင့် စက်ရုံခွဲတာဝန်ခံများ၊ မြန်မာနိုင်ငံ ဝါလုပ်ငန်းအသင်းမှ တာဝန်ရှိသူများ၊ ဝါလုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများက ကဏ္ဍအလိုက်ဆွေးနွေး အကြံပြုကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်