နေပြည်တော် နိုဝင်ဘာ ၂၃ 

ခေတ်မီစံပြကျေးရွာ (Smart Village) အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။ 

အစည်းအဝေးတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်စေရေးနှင့် ကျေးလက်ဒေသများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို မျှော်မှန်း၍ လူနေမှုအဆင့်အတန်းမြင့်မားပြီး စီးပွားရေး ခိုင်မာအားကောင်းကာ အစိမ်းရောင်ဖွံ့ဖြိုးမှုဖြစ်စဉ်ကို အားပေးသည့်ကျေးရွာများ ထူထောင်နိုင်ရန်အတွက် ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း၊ အဆိုပါ ခေတ်မီစံပြကျေးရွာစီမံကိန်းကို ကျေးရွာအခြေခံအဆောက်အအုံ ဖွံ့ဖြိုး စေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ သွင်းအားစု၊ ငွေကြေး ဝန်ဆောင်မှုနှင့် နည်းပညာပံ့ပိုးခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး နေချင့်စဖွယ်စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်နှင့် ကျေးရွာသူ၊ ကျေးရွာသား များနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း တိုးချဲ့ဆောင်ရွက်သွားရန် လျာထားပါကြောင်း၊ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအပြင် တက်ရောက်လာသော ဌာနအသီးသီးမှ မိမိတို့နှင့်သက်ဆိုင်သည့် အခန်းကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။ 

ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် က ယခု စီမံကိန်းကို ဒစ်ဂျစ်တယ်နည်းပညာ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာတို့ ပေါင်းစပ်ပြီး လူထုအခြေပြုချဉ်းကပ်မှုနည်းလမ်းအပေါ်အခြေခံ၍ ဖွံ့ဖြိုးရေးကဏ္ဍ(၆)ခုကို ရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့်  ဖွံ့ဖြိုးရေးဆောင်ရွက်ခြင်း၊ သွင်းအားစုများနှင့် ငွေကြေးဝန်ဆောင်မှုများ ထောက်ပံ့ကူညီခြင်း၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ကျေးရွာစီးပွားရေး မြင့်မားစေခြင်း၊ အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးအပါအဝင် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးများကို အဓိက ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းကို Pilot အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့ရှိ ကျေးရွာ(၃)ရွာတွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။

ယင်းနောက် ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်း လုပ်ငန်းစဉ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများကို နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမ ဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်