နတ်မောက်   နိုဝင်ဘာ    ၂၄

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုဝင်ဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဆည်အောက်ရှိ တောင်သူများ စိုက်ပျိုးရေးအတွက် မှီခိုအားထားရသည့် နတ်မောက်ရေလှောင်တမံတွင် မိုးရေ ဝင်ရောက်မှုများလာပြီး တမံရေပိုလွှဲမှ  ယနေ့ နံနက် ၆ နာရီ တိုင်းထွာချက်အရ (၀ ဒသမ ၆)ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံက သိရသည်။

 

နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် နိုဝင်ဘာ ၂၃ ရက်တွင် တမံရေပြည့်အမှတ်  (၆၈၃)ပေ၊ လက်ရှိရေအမှတ် ( ၆၈၃ ဒသမ  ၆)ပေရှိ၍ (၀  ဒသမ )ပေခန့် ရေပိုလွှဲမှ ရေကျော်ကျခဲ့ပြီး ယနေ့ နံနက် ၆ နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ်( ၆၈၃ ဒသမ ၆)ပေ ရှိပြီး (၀ ဒသမ ၆)ပေခန့် ရေပိုလွှဲမှ ဆက်လက် ရေကျော်ကျကြောင်း သိရသည်။

 

နတ်မောက်ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှုများလျော့နည်းလာသော်လည်း တမံအတွင်း ရေဝင် ရောက်မှုအခြေအနေနှင့် တမံရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေများကို တမံအောက်ဘက်ရှိ ဒေသခံ ပြည်သူများ သိရှိအောင်ဆောင်ရွက်ထားကြောင်း၊ မျက်မြင်စစ်ဆေးမှုအခြေအနေများအရ တမံနှင့် တမံ ဆက်စပ်ရေအားအဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်ကြောင်း၊ ဝန်ထမ်းများကိုလည်း ရေကင်းဂျူတီချကာ (၂၄)နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး တာဝန်ရှိသူအဆင့်ဆင့်မှလည်း အချိန်နဲ့ တစ်ပြေးညီကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ခံ ဦးထိန်လင်းထံက သိရသည်။

 

သင်းသင်းမြတ်(နတ်မောက်)