ဖားကန့် နိုဝင်ဘာ ၂၄
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံချည်ထိုး လက်မှုပညာသင်တန်းကို အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၁ ရက်ထိ တစ်လကြာဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် ကလေးဝတ်၊ လူကြီးဝတ် အင်္ကျီ၊ ခေါင်းစီးကွင်း၊ ဦးထုပ်၊ ကလစ်၊ မျက်နှာသုပ်ပုဝါ၊ ပိုက်ဆံအိတ် စသည့်အသုံးအဆောင်ပစ္စည်း ပြုလုပ်နည်းဆိုင်ရာနည်းစနစ်များကို သင်တန်းနည်းပြ တစ်ဦးက စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပို့ချပေးလျက်ရှိသည်။ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင် ခြင်းနှင့်အတူ မိသားစုဝင်ငွေတိုးပွားလာစေရန်အတွက် လူမှုစီးပွားဘဝ အဆင့်အတန်းမြင့်မား လာစေရန်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများမှ သင်တန်းသူဦးရေ ၂၀ တက်ရောက် ရှိကြောင်း၊ ကျေးလက်အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို ယခု မီနီဘတ်ဂျက် တွင် ဖားကန့်မြို့နယ်အတွင်း ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)


