နေပြည်တော်   နိုဝင်ဘာ    ၂၄

 

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက နေပြည်တော် ဥတ္တရသီရိမြို့နယ် လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက အမှာစကား ပြောကြားပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အာမခံအလုပ်သမား ဒေါ်သန္တာလှိုင် (17024. 36.1.1.1276) သည် နိုဝင်ဘာ ၂ ရက်တွင် လုပ်ငန်းခွင်သို့ တာဝန်ထမ်းဆောင်ရန်အသွား ဆိုင်ကယ် မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ကွယ်လွန်သွားခြင်းအား လူမှုဖူလုံရေးအဖွဲ့မှ လုပ်ငန်းခွင် ပြင်ပ မတော်တဆထိခိုက်ဒဏ်ရာရမှုကြောင့် သေဆုံးခြင်းအဖြစ် သတ်မှတ်၍ ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်း ကျပ် ၁၀,၈၀၀,၀၀၀ နှင့် နာရေးစရိတ်ငွေကျပ် ၁,၀၈၀,၀၀၀  စုစုပေါင်း ၁၁,၈၈၀,၀၀၀ ငွေကျပ်(တစ်ရာတစ်ဆယ့်ရှစ်သိန်းရှစ်သောင်းတိတိ)အား လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်အေးက ကွယ်လွန်သူ၏ ညီမဖြစ်သူ ဒေါ်စုမျိုးလှိုင်အား လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ခွင့်ပြုထုတ်ပေးခဲ့သည်။

 

နေပြည်တော်ကောင်စီအတွင်း မြို့နယ်လူမှုဖူလုံရေးရုံး၊ နေပြည်တော်ရုံးခွဲနှင့် ပျဉ်းမနားရုံးခွဲတို့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာန ၉၂၇ ဌာန၊ အာမခံအလုပ်သမားဦးရေ ၂၃,၁၀၀ ဦးရှိပြီး နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(NDP)နှင့်အညီ အလုပ်ဌာန၊ အလုပ်သမားများ တိုးတက် မှတ်ပုံတင်နိုင်ရေးကို ဆောင်ရွက်လျက်ရှိပြီး အလုပ်သမားဦးရေ တိုးတက်လာသည်နှင့်အညီ လူမှုဖူလုံရေး ဆေးခန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေဥပဒေနှင့်အညီ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု ၄၀ ရာခိုင်နှုန်းနှင့် လက်ရှိအကောင် အထည်ဖော်နေသော အာမခံစနစ် နှစ်မျိုးရှိပြီး အကျိုးခံစားခွင့် ၁၆ မျိုးအတွက် အမှုတွဲပေါင်း ၄,၅၄၈ မှု အတွက် ငွေကျပ်သန်းပေါင်း ၅၉၅ ဒသမ ၁၈၆ သန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။

 

ကျော်စွာဟိန်း