ဖောင်းပြင် နိုဝင်ဘာ ၂၄
ဖောင်းပြင်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ ခြောက်လ ဘတ်ဂျက် တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့် ကျေးရွာ ၆ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲရေး အစီအစဉ် (AVIP) သင်တန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက် ရေးဆွဲနည်း သင်တန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၌ ပြုလုပ်ကြောင်းသိရသည်။
သင်တန်းတွင် ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ဝင်း က AVIP အကြောင်းကို ရှင်းလင်းပြောကြားကာ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုအောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ဟော်ဇောင်းကျေးရွာ၊ သဲမကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ ပင်သာကျေးရွာ၊ ရွာမကျေးရွာ၊ ငှက်ပျောတော ကျေးရွာတို့မှ သင်တန်းသား၊ သင်တန်းသူ (၁၂) ဦးအား သက်ဆိုင်ရာကဏ္ဍအလိုက် သင်တန်းနည်းပြများက သင်ကြားပို့ချကြပြီး သင်တန်းကာလ ၄ ရက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသင်တန်းသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) အတွက် နိုင်ငံတော်က ထောက်ပံ့ပေးသည့် ငွေကျပ်သိန်း (၁၀၀) ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် အဆင်ပြေစေရေးအတွက် ပို့ချပေးသည့် သင်တန်းဖြစ်ကြောင်း သိရသည်။
ကိုထွန်း(ဖောင်းပြင်)


