နေပြည်တော် နိုဝင်ဘာ ၂၄
ပြောင်းလဲတိုးတက်လာလျက်ရှိသော ခေတ်ကာလနှင့်အညီ စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးလုပ်ငန်းများ၊ တောင်သူအသိပညာပေး လုပ်ငန်းများတွင် ဒီဂျစ်တယ်နည်းပညာနှင့် မိုဘိုင်းကွန်ရက် စနစ်များအား အကျိုးရှိ ထိရောက်စွာ အသုံးချနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအတွက် ပိုစတာကို အခြေခံ၍ စိုက်ပျိုးပညာပေး ဗီဒီယိုထုတ်လုပ်ခြင်းသင်တန်းကို နိုဝင်ဘာ ၂၂ ရက်တွင် အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်ပို့ချ ပေးလျက်ရှိသည်။
တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား ပုံနှိပ်မီဒီယာမှ ဗီဒီယိုမီဒီယာသို့ ပြောင်းလဲဖန်တီးခြင်း နည်းပညာများကို ပို့ချပေးမည့် အဆိုပါ သင်တန်းအား နိုဝင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (AERDTC)ကို အခြေပြု၍ ဒီဂျစ်တယ် မီဒီယာအတတ်ပညာ၊ တင်ပြမှုအတတ်ပညာနှင့် လက်တွေ့ဇာတ်ညွှန်း ရေးသားနည်း၊ ကင်မရာအသုံးပြုနည်းနှင့် လက်တွေ့ ရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်းနည်းပညာ၊ ဆန်းသစ်တီထွင် ဖန်တီးခြင်း၊ သတင်းရေးသားနည်း၊ အင်တာနက် အသုံးပြု လူမှုကွန်ရက်များပေါ်သို့ လွှင့်တင်ခြင်း နည်းပညာများ ကို အွန်လိုင်းစနစ်ဖြင့် ပို့ချဆွေးနွေး သွားမည် ဖြစ်ကြောင်း၊ ယခု သင်တန်းသည် ဒုတိယအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ် ရှစ်ခုတို့မှ သင်တန်းသူ သင်တန်းသား ၄၈ ဦး တက်ရောက်လေ့လာလျက်ရှိကြောင်း၊ နိုဝင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ ပထမအကြိမ် ဖွင့်လှစ်ခဲ့သည့် သင်တန်းတွင် တိုင်းဒေသကြီး၊ ပြည်နယ် ခုနစ်ခုတို့မှ သင်တန်းသူ သင်တန်းသား ၄၂ ဦး တက်ရောက်ခဲ့ကြကြောင်း၊ သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပို့ချပေးခြင်းကြောင့် နေပြည်တော် အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးတို့မှ စိုက်ပျိုးရေးဝန်ထမ်း ၉၀ တို့ကို ဒီဂျစ်တယ် မီဒီယာနည်းပညာများ ပို့ချပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


