နေပြည်တော် နိုဝင်ဘာလ ၂၄

 

မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ကျင်းပ သည်။

 

အစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြည်တွင်းစာသုံးမှုတွင် ကျန်းမာရေးနှင့် ညီညွတ်သည့် အသား၊ ငါး၊ ကြက်ဥများ၊ နို့နှင့်နို့ထွက်ပစ္စည်းများ စသည့် မွေးမြူရေးထွက်ကုန်များ လတ်ဆတ် ဖူလုံစွာစားသုံးနိုင်ရေး၊ ပြည်ပပို့ကုန်တိုးမြှင့်ရေး၊ ပြည်သူများ၏ ဝင်ငွေတိုးတက်ရေးနှင့် လူနေမှုအဆင့် အတန်းမြင့်မားရေး ၊ တိုင်းဒေသကြီး ပြည်နယ်များအကြား  ဆင်းရဲချမ်းသာမှုကွာဟမှု လျော့ချရေးတို့အတွက် အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသည့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ပြောင်းလဲတိုးတက်လျှက်ရှိသော ခေတ်ကာလနှင့် လိုက်လျောညီထွေမှု ဖြစ်စေရန် ဌာနဖွဲ့စည်းပုံများ ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ မွေးမြူရေးဆိုင်ရာ သုတေသန ဌာနဦးစီးဌာနကို အသစ်တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူစွမ်းအားအရင်းအမြစ်များ တိုးပွားရေးအတွက် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့ (BASc)၊ တိရစ္ဆာန် ဆေးပညာဘွဲ့ (DVM)များကို ပေးအပ်လျက်ရှိကြောင်း၊ အလားတူ မွေးမြူရေး ဆိုင်ရာ အသက်မွေး ဝမ်းကျောင်း လုပ်ငန်း ကျွမ်းကျင်သူများအဖြစ် သင်ကြားလေ့ကျင့် မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေးသိပ္ပံ(နေပြည်တော်၊ ပျဉ်းမနား)၊ ပုသိမ်ကြီးနှင့် ဟဲဟိုးတို့တွင် ရှေ့ပြေးဖွင့်လှစ်သွားမည်ဖြစ်ကာ စိုက်ပျိုးရေးသိပ္ပံကျောင်း အားလုံးတွင် တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း။

 

လုပ်ငန်းများဆောင်ရွက်ရာတွင် ဈေးကွက်လိုအပ်ချက်နှင့်အညီ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် တိုင်းဒေသ ကြီး နှင့် ပြည်နယ် အလိုက် မွေးမြူရေးဇုန် (၂၈)ဇုန် ထူထောင်ထားရှိပြီး အဆိုပါဇုန်များ၏ လက်ရှိ ဆောင်ရွက်နေမှုအခြေအနေများကို လေ့လာဆန်းစစ်၍ တိုးတက်မှုအခြေအနေများကို သုံးသပ်ပြီး အားသာချက် အားနည်းချက်များကို ဖော်ထုတ်ရန်လိုအပ်ကြောင်း၊ မြစိမ်းရောင်စီမံကိန်း ကျေးရွာ(၃၀)၏ ဆောင်ရွက်နေမှုများကိုလေ့လာ၍ တိုးတက်အခြေအနေများကို ဆန်းစစ်ပြီး ဒေသအသီးသီးရှိ အခြားကျေးရွာ များလေ့လာနိုင်ရေးနှင့် အလားတူ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မွေမြူရေး ဆိုင်ရာ သတင်းအချက်များကို ခေတ်မီ ဒီဂျယ်တယ်နည်းပညာကိုအသုံးပြု၍ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးရန် လိုအပ်ကြောင်း၊  တိရစ္ဆာန်မျိုးသန့် မျိုးပွားလုပ်ငန်းများ၊ တိရစ္ဆာန် မွေးမြူကုသရေးဆိုင်ရာ နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများအပြင် ပြည်ပပို့ကုန်များအတွက် သက်ဆိုင်ရာနိုင်ငံ၏ သတ်မှတ် စံချိန်စံညွှန်းကို  မွေးမြူရေးကဏ္ဍတွင် ပါဝင်ပတ်သက်သူအားလုံး သိရှိလိုက်နာဆောင်ရွက်ရေး အသိပညာပေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ယင်းနောက်  ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မိမိဒေသနှင့်ကိုက်ညီသည့် စီမံကိန်းစီမံချက်များ ရေးဆွဲချမှတ်ဆောင်ရွက်ကြရန်၊ မွေးမြူရေးကဏ္ဍတစ်ခုလုံးကို ခြုံငုံမိသော သုတေသနလုပ်ငန်းများ ဖြစ်စေရေးနှင့်  လက်တွေ့အသုံးချ သုတေသနများ လုပ်ဆောင်ရေး၊ မွေးမြူရေးကို အခြေခံသော ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်ချက်များ ကူညီပံ့ပိုးပေးရန် လိုအပ်ချက်များကို ဆွေးနွေးပြော ကြားသည်။         

 

အစည်းအဝေး၌ မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများ၊ တိရစ္ဆာန်ရောဂါ  ကာကွယ်ထိန်းချုပ်ရေး၊ မွေးမြူရေးဆိုင်ရာသုတေသနဖွံ့ဖြိုးရေး ဆိုင်ရာများ၊ မွေးမြူရေး ထွက်ကုန် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်  မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူလူ့စွမ်းအားအရင်း အမြစ်များတိုးပွားရေးဆိုင်ရာ ကိစ္စရပ်များကိုတင်ပြ ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အစည်းအဝေးတက်ရောက် လာကြသူများက ဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)