နေပြည်တော် နိုဝင်ဘာ ၂၄

 

ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီအစည်း‌အဝေး (၂/၂၀၂၁)ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဘူမိဥယျာဉ်ဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဌ၊ သယံဇာတနှင့် သဘာ၀ပတ် ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက မြန်မာနိုင်ငံတွင် ကမ္ဘာ့အဆင့်ဘူမိဥယျာဉ် UNESCO Global Geopark သတ်မှတ်ခံရနိုင်ရေးအတွက် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ စတင်ကြိုးပမ်း အားထုတ်ခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ အဆိုပြုတင်ပြ လာမှုအပေါ် မိမိတို့ဝန်ကြီးဌာနမှ ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဘူမိဥယျာဉ် သတ်မှတ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အထက်အဆင့်ဆင့်သို့တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီနှင့် ဒုတိယဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း။

 

ယခင် အစည်းအဝေးများတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည့်အတိုင်း ကမ္ဘာ့အဆင့် ဘူမိဥယျာဉ်သတ်မှတ် ခံရရေးအတွက်  အဆိုပြုလွှာတင်သွင်းခြင်း မဆောင်ရွက်မီ အမျိုးသားအဆင့် ဘူမိဥယျာဉ် သတ်မှတ်ရေးကို ဦးစွာဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့အဆင့် ဘူမိဥယျာဉ်သတ်မှတ်ခံရရေး  အလားအလာကောင်းများပိုင်ဆိုင်သည့် ပုပ္ပါးဒေသကို အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် သတ်မှတ်နိုင်ရန် ပထမဦးဆုံးလုပ်ငန်းဖြစ်သည့် အဆိုပြုလွှာပြုစုနိုင်ရေးအတွက် “ဘူမိဥယျာဉ် အဆိုပြုလွှာ ပြုစုခြင်းဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့” ကိုလည်းဖွဲ့စည်းပြီး အဆိုပြုလွှာရေးသားခြင်း ကို ဆောင်ရွက်ခဲ့ပါကြောင်း။

 

ပုပ္ပါးဒေသ အမျိုးသားအဆင့် ဘူမိဥယျာဉ်ကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ် အတွင်းရှိ ဘူမိနယ်မြေ (Geosite) (၁၅) နေရာ အဆိုပြုသွားမည်ဖြစ်ကြောင်း၊ ဘူမိနယ်မြေ (Geosite) များသည် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ ပညာရှင်များ စနစ်တကျကွင်းဆင်းလေ့လာ ဖော်ထုတ်ပြီး ရွေးချယ်ထားသော နေရာများဖြစ်သည့်အတွက် ဘူမိပညာရပ်အရ အလွန်ထူးခြားသောနေရာများ ဖြစ်ကြောင်း၊  အခြားတစ်ဘက်တွင်လည်း စိန်ခေါ်မှုများရှိနေသည့်အတွက် Geosite များ၏ ဧရိယာ၊ မြေအသုံးချမှု၊ မြေစီမံခန့်ခွဲမှုများကို သေချာလေ့လာပြီး သက်ဆိုင်သော ဒေသခံများ၊ ဌာန၊ အဖွဲ့အစည်း များနှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ပြီး ဘူမိဥယျာဉ်သတ်မှတ်ခြင်းအပေါ် သဘောတူညီချက်များ ရယူ၍ အဆိုပြုလွှာကို အထက်အဆင့်တင်ပြခြင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အမျိုးသား အဆင့်နှင့် ကမ္ဘာ့အဆင့်ဘူမိဥယျာဉ်များ သတ်မှတ်ခြင်းမှတစ်ဆင့် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာနိုင်ပြီး ဒေသခံများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုလာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

အစည်းအဝေးသို့ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ၊  ပါမောက္ခချုပ်များ၊ အထွေထွေအတွင်းရေးမှူး UNESCO အမျိုးသားကော်မရှင်၊ မြန်မာနိုင်ငံဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြပြီး အစည်းအဝေးမှ တင်ပြချက်များ အပေါ် လေ့လာသုံးသပ်ပြီး လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခြင်း၊ အခက်အခဲများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများအကြံပြုခြင်း၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးတို့အတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြကြောင်း သိရသည်။

(သတင်းစဉ်)