အမ်း နိုဝင်ဘာ ၂၄

 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဒါးလက်ကျေးရွာအုပ်စုအတွင်းရှိ တိုင်းရင်းသားပြည်သူ ၃၆၁ ဦးအား နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်နေ့အထိ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

 

 

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများက ဒါးလက်ကျေးရွာအုပ်စုရှိ အလယ်ကျွန်း၊ အနောက်ရွာ၊ တောင်ရွာ၊ အထက်ရွာဟောင်း၊ ဇရပ်ကွင်း၊ ကွမ်းဝ၊ လိပ်ကုန်း၊ ပျဉ်းကုန်းကျေးရွာများသို့ သွားရောက်၍ ချင်းတိုင်းရင်းသား၊ ရခိုင်တိုင်းရင်းသား အသက်(၁၈)နှစ်အောက် ကျား ၃၃ ဦး၊ မ ၂၄ ဦးနှင့် အသက် ၁၈ နှစ်အထက် ကျား ၈၃ ဦး၊ မ ၂၂၁ ဦး၊ စုစုပေါင်း (၃၆၁)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း မွေးတိုး/သေဆုံး/ ပယ်ပျက်/မိတ္တူ (၄၉)စောင်အား ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။

 

ထို့ပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပြည်သူအားလုံး အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင်နိုင်ရေးအတွက် “ပန်းခင်းစီမံချက်” ဖြင့် တိုင်းရင်းသားပြည်သူများသိရှိစေရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း(ပြန်/ဆက်)