နေပြည်တော် နိုဝင်ဘာ ၂၄

 

ကုန်သွယ်မှုမြှင့်တင်ရေးနှင့် မြန်မာ့ထုတ်ကုန်များ တိုးချဲ့တင်ပို့နိုင်ရေးအတွက် ပြည်ပနိုင်ငံ (၁၃) နိုင်ငံတွင် တာဝန်ထမ်းဆောင်နေကြသော မြန်မာစီးပွားရေးသံမှူးများနှင့် ကမ္ဘာကုန်သွယ်ရေး အဖွဲ့ဆိုင်ရာသံမှူးတို့ တွေ့ဆုံဆွေးနွေးပွဲ (ဒုတိယနေ့)ကို ယနေ့ မွန်းလွဲ ၁ နာရီတွင်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁)၌ Virtual စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေး ဒုတိယနေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ တောင်အာဖရိကနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ ဂျာမဏီနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့မှ စီးပွားရေးသံမှူးများနှင့် ကမ္ဘာကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ သံမှူးတို့က ၎င်းတို့တာဝန်ထမ်းဆောင်နေသည့် နိုင်ငံများနှင့် မြန်မာနိုင်ငံ တို့အကြား နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးဆောင်ရွက်နိုင်မှု၊ အမယ်သစ်ပို့ကုန်များ တိုးချဲ့တင်ပို့နိုင်ရေး၊ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့တွင် မြန်မာနိုင်ငံမှ ပါဝင်လိုက်ပါဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက် မည့်အစီအမံများ ကိုတင်ပြခဲ့ကြသည်။

 

တင်ပြဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း က အမှာစကား ပြောကြားခဲ့ရာတွင် တာဝန်ထမ်းဆောင်နေသည့် ကာလအတွင်း သံမှူးများ၏ စွမ်းဆောင်ရည်များ တိုးတက်လာပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေးအတွက် လိမ္မာပါးနပ်စွာဖြင့် ဆောင်ရွက်နိုင်စွမ်းရှိလာ သည်ကိုတွေ့ရှိရသည့် အတွက် ကျေနပ်အားရမိပါကြောင်း၊ မိမိတို့နိုင်ငံမှာ လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များကို အဓိကတင်ပို့နေ သည့် နိုင်ငံဖြစ်သည့်အားလျော်စွာ လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအဆင့်သာ တင်ပို့နေရာမှ အချို့ထုတ်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် တင်ပို့ခြင်းဖြင့် နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည့်အပြင် စျေးနှုန်းလည်းပိုမိုရနိုင်မည် ဖြစ်သည့်အတွက် ကြိုးပမ်း ဆောင်ရွက်သွားစေလိုကြောင်း၊ မိမိတို့တာဝန်ကျရာနိုင်ငံများ၏ စျေးကွက်များတွင် အခြားနိုင်ငံများမှ တင်ပို့နေမှုများအားလေ့လာပြီး မိမိတို့ထုတ်ကုန်များအတွက်စျေးကွက်ရရှိနိုင်အောင် နမူနာယူ ကြိုးစား သွားသင့်ကြောင်းနှင့် နယ်စပ်ဖြတ်ကျော်ပုံမှန်ကုန်သွယ်ရေး (Normal Trade through Border) ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ငွေပေးချေမှုကိစ္စရပ်များအပါ အဝင် အခြားဆောင်ရွက်နေသည့်ပုံစံများအား လေ့လာပြီးပြန်လည် တင်ပြ သွားရန် မှာကြားသည်။

 

ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးညွန့်အောင် က စီးပွားရေးသံမှူးများအနေဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာနိုင်ငံများအလိုက် မူဝါဒအပြောင်းအလဲများ၊ ပို့ကုန်များအတွက် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ၊ စံချိန်စံနှုန်းသတ်မှတ်ချက်များ အပါအဝင်အခါ အားလျော်စွာထုတ်ပြန်သည့် အခြားစည်းမျဉ်းစည်းကမ်းများအား မိမိတို့နိုင်ငံမှ အစိုးရဌာနများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ ကြိုတင် ပြင်ဆင်ချိန်ရရှိရန်အတွက် အချက်အလက်များအား ဆောလျင်စွာအကြောင်းကြားပေးပို့စေလိုကြောင်း၊ မိမိတို့နှင့်နယ်စပ်ချင်းထိစပ်နေသည့် နိုင်ငံများရှိ စီးပွားရေးသံမှူးများအနေဖြင့်လည်း နယ်စပ်ဂိတ်များ အဆင်ပြေချောမွေ့စွာ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကုန်စည်များချောမွေ့စွာ စီးဆင်းနိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံသွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)