နေပြည်တော် နိုဝင်ဘာ ၂၄

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး‌ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တပ်ကုန်းမြို့နယ်ရှိ ဆင်သေဆည် ရေဝေရေလဲဧရိယာသို့ သွားရောက်စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြ သည်။

 

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုနယ်မြေ (နေပြည်တော်)ရှိ ဆင်သေဆည်၊ ငလိုက် ဆည်နှင့် ပေါင်းလောင်းဆည်များသည် ဒေသခံပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းနှင့် လူနေမှု ဘဝအတွက်အရေးပါသည့်အပြင် နိုင်ငံတော်အတွက် ရေအားလျှပ်စစ်ထုတ်လုပ်ရေးနှင့် ခရီးသွားလုပ်ငန်းများ အတွက် အရေးပါသော ဆည်များဖြစ်ကြောင်း၊ ဆည်များအတွက် ရေဝေရေလဲဧရိယာများမှာ အထူးအရေး ကြီးသဖြင့် ဆည်များရေရှည်တည်တံ့နိုင်ရန်အတွက် သစ်တောသစ်ပင်များ ကာကွယ်ထိန်းသိမ်းခြင်း၊ စိုက်ပျိုးခြင်းများ အလေးထားဆောင်ရွက်ပေးခြင်းဖြင့် ဆည်များအတွင်း ရေဝင်ရောက်မှု တိုးမြှင့်စေပြီး နုန်းပို့ချမှုလျော့ ချစေနိုင်မည် ဖြစ်ကြောင်း၊ ဆည်ရေသောက် ဧရိယာရှိ ဒေသခံပြည်သူများ၏ စိုက်ပျိုးရေလို အပ်ချက်များပံ့ပိုးပေးနိုင်သည့်အတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးကိုလည်း အထောက် အကူပြုစေကြောင်း။

 ယခု ဆင်သေဆည်မှာ ဆည်ရေသောက်ဧရိယာ (၁၁၆၅၉)ဧကရှိပြီး ပြည်ထောင်စု နယ်မြေ(နေပြည်တော်)၊ တပ်ကုန်းမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တို့ရှိ အထက်ဆင်သေကြိုးဝိုင်း၊ လွှဘုံကြိုးဝိုင်း၊ ကိုးကွေ့ကြိုးဝိုင်းနှင့် လွှစင်ကြိုးဝိုင်းတို့ပါဝင် သည့် ရေဝေရေလဲဧရိယာ(၁၀၉၁၃၃)ဧက ရှိပါကြောင်း၊ ရေဝေရေလဲဆိုသည်မှာ မြစ်၊ ချောင်း၊ ကန်၊ ဆည် တစ်ခုအတွင်းသို့ ပေါင်းဆုံစီးဝင်သော ရေများ၏ အရင်းခံရာ မြေဧရိယာဖြစ်ပါကြောင်း၊ ချောင်းငယ်များအတွင်း စီးဝင်သော ရေဝေရေလဲ အငယ်စားများ (Micro Watersheds) အချင်းချင်းစုပေါင်း၍ ပိုမိုကြီးမားသော ရေဝေရေလဲဧရိယာ ဖြစ်လာကာ ကြီးမားသော ချောင်းနှင့်မြစ်များအတွင်းသို့ စီးဝင်ကြခြင်းဖြင့် စတုရန်းကီလိုမီတာ မြောက်များစွာ ကျယ်ဝန်းသော ရေဝေရေလဲဧရိယာကြီး ဖြစ်လာပါကြောင်း၊ မြန်မာနိုင်ငံ၏ အဓိကရေဝေရေလဲ ဒေသကြီးများမှာ ဧရာဝတီနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသ၊ သံလွင်မြစ်ဝှမ်းဒေသ၊ စစ်တောင်းမြစ်ဝှမ်းဒေသနှင့် မဲခေါင် မြစ်ဝှမ်းဒေသတို့ဖြစ်ပြီး နိုင်ငံဧရိယာ၏ (၈၀ ရာခိုင်နှုန်း)ကျော်သည် ရေဝေရေလဲဧရိယာအတွင်း ကျရောက်လျှက်ရှိကြောင်း။

 

 မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများတွင် နှစ်စဉ်စီးဆင်းလျှက်ရှိသော ရေပမာဏမှာ စုစုပေါင်း ဧကပေ သန်းပေါင်း (၈၀၀)ကျော်ရှိပါကြောင်း၊ ရေဝေရေလဲဒေသစီမံအုပ်ချုပ်ရာတွင် အခြေခံကျသည့် ချောင်းငယ် များ၏ ရေအရင်းခံနယ်မြေဧရိယာဖြစ်သည့် ရေဝေရေလဲ အငယ်စား (Micro Watershed) များအား ထိထိရောက်ရောက် ထိန်းသိမ်းစီမံအုပ်ချုပ်ရန် အလွန်အရေးကြီးကြောင်း မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆင်သေဆည် ရေဝေရေလဲဧရိယာအတွင်း အထက် ဆင်သေ ကြိုးဝိုင်း၊အကွက်အမှတ် (၇၇၊၇၈)ရှိ ရေဝေရေလဲထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်မည့် နေရာများနှင့် ဆင်သေဆည် ရေဝင်ရောက်မှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆင်သေချောင်းရေဝေရေလဲ ဧရိယာ ထိန်းသိမ်းရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ စီမံချက်ရေးဆွဲထားရှိပြီး လုပ်ငန်း(၁၇)မျိုးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)