နေပြည်တော် နိုဝင်ဘာ ၂၄
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေး အတွက် အသိပညာ ပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် တိုင်းရင်းသားလူမျိုးများရေး ရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ စာတမ်းဖတ်ကြားမည့် အရာထမ်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ခံများက Online စနစ် ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် နယ်ပယ်အလိုက် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် လာစေရန် စဉ်ဆက်မပြတ် လေ့ကျင့်ပျိုး ထောင်ပေးသွား မည်ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် လည်း မိမိတို့၏ သက်ဆိုင်ရာပညာရပ် ကဏ္ဍအလိုက် လုပ်ငန်း ကျွမ်းကျင်တတ်မြောက်စေရန်၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိစေရန်နှင့် အခြားသူများကိုလည်း အသိပညာပေးခြင်း၊ အမြင်ချင်းဖလှယ်ခြင်းများရှိစေရန်နှင့် အချိန်နှင့်တပြေးညီ မိမိကိုယ်ကို အရည်အသွေးတိုးတက်အောင် ကြိုးစားနေကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် ယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်စေရေးအတွက် နိုင်ငံ့ဝန်ထမ်းများက တာဝန်ယူဆောင် ရွက်ပေးရသူများ ဖြစ်သည့်အားလျော်စွာ မိမိတို့၏အရည်အသွေးကို ယခုထက်မက တိုးတက်စေရေး ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း။
နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးရှိနိုင်မည့် အရာများကို သိရှိစေရန် ယခုကဲ့သို့ ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ကျင်းပနိုင်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲမှရရှိလာမည့် အသိပညာဗဟုသုတများကို ဝန်ထမ်းအချင်းချင်း မျှဝေဖလှယ်ခြင်းဖြင့် မိမိတို့၏ အရည် အသွေးများ ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မိမိ၏စံနှုန်းများကို တိုးတက်နေအောင် အမြဲကြိုးစားလေ့လာခြင်းအားဖြင့် ဝန်ကြီးဌာနအတွက်သာမက နိုင်ငံနှင့် လူမျိုးကောင်းကျိုးအတွက် ဝိုင်းဝန်းကြိုးစားကြပါရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ငန်း တာဝန် များကို ကျွမ်းကျင်မှုရှိစေရန်၊ စနစ်ကျနမှုရှိစေရန်၊ ခံနိုင်ရည်ရှိစေရန်၊ စည်းလုံးညီညွတ် မှုရှိစေရန် လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ အသိပညာပေး ဆွေးနွေးပွဲများကို ဦးစီးဌာနအလိုက် ဆက်လက် ဆောင်ရွက်ရန်နှင့် ဆွေးနွေးသည့်အခါ ဆန်းသစ်သော ခေါင်းစဉ်များ ရွေးချယ်စေလိုပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အလွန်အရေးကြီးပါသဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ရာရောက်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးခင်မောင်ထွန်းက ရှမ်းတိုင်းရင်းသား (၁၂)လရာသီပွဲတော်များ စာတမ်းကိုလည်းကောင်း၊ ကယားပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်နီနီမင်းသိန်းက ကယားပြည်နယ် စီးပွားဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေနိုင်သော ခရီးသွားလုပ်ငန်း စာတမ်းကိုလည်းကောင်း၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင်က ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာစာတမ်းကိုလည်းကောင်း၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ကိုင်းဂိုးမန်းက ဇိုမီးတိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု စာတမ်းကို လည်းကောင်း၊ တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန (ရုံးချုပ်)၊ စာပေနှင့်ဘာသာစကားဌာနခွဲ မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းဝင့်က စကားစာပေမှသည် ငြိမ်းချမ်းရေးဆီသို့ စာတမ်းကိုလည်း ကောင်း Power Point ဖြင့် ဖတ်ကြားတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စာတမ်းတင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


